ခန့်ဇော် (ကျေးလက်)

ဖိလစ်ပိုင်နိုင်ငံသည် ၁၈၉၈ ခုနှစ်တွင် အမေရိကန်၏ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် စာရင်းအရ လူဦးရေ ၁၁၇ သန်း ကျော်ရှိပြီး ၂၀၂၃ ခုနှစ် မေလ Social Weather Stations Survey အရ ဆင်းရဲမှုနှုန်းအနေဖြင့် မိသားစု ၅၁ ရာခိုင်နှုန်းသည် ဆင်းရဲ၍ ၃၀ ရာခိုင်နှုန်းခန့်သည် အလယ်အလတ်ဖြစ်ပြီး ကျန် ၁၉ ရာခိုင်နှုန်းမှာ ဆင်းရဲမှုမရှိကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်၏စာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ ဆင်းရဲမှုနှုန်းမှာ ၂၀၁၈ ခုနှစ်က ၁၆ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၁၈ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ဆင်းရဲနွမ်းပါးလူဦးရေ ၁၉ ဒသမ ၉ သန်းကျော်ခန့်အထိ ရှိလာကြောင်း တွေ့ရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်တည်ရှိကာ ကျွန်းပေါင်း ၇၆၄၁ ကျွန်းဖြင့် ဖွဲ့စည်းထားပြီး စတုရန်းကီလိုမီတာ သုံးသိန်းခန့် ကျယ်ဝန်းသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး သမ္မတသက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး

စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေ၊ သံနှင့် စတီး၊ ဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းသည် နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်ပြီး အဓိက ပို့ကုန် မှာ Electronic Product များဖြစ်ကာ နိုင်ငံ GDP ၏ ၄၂ ရာခိုင်နှုန်းအထိရှိကြောင်း Trading Economics ၏ ဖော်ပြချက်အရ လေ့လာသိရှိရသည်။ စိုက်ပျိုးရေးသည်လည်း နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ဆန်၊ ပြောင်း၊ အုန်းသီး၊ ကြံ၊ ငှက်ပျော၊ နာနတ်များ စိုက်ပျိုးသည့်အပြင် ကမ္ဘာ့အကြီးဆုံး အုန်းသီး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံလည်း ဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံ၏ GDP

၂၀၂၂ ခုနှစ် ဒီဇင်ဘာလစာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၀၄၂၆၁ မီလီယံခန့်ရှိပြီး တစ်ဦးချင်း GDP မှာ အမေရိကန် ဒေါ်လာ ၃၆၂၃ ခန့်ရှိရာ မြန်မာနိုင်ငံ၏ တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၁၁၀၃ ခန့်သာရှိသည့် အတွက် မြန်မာနိုင်ငံထက် ၃ ဒသမ ၃ ဆခန့် ပိုမိုကြောင်း တွေ့ရှိရသည်။ ကဏ္ဍကြီးသုံးခု၏ GDP တိုးတက်မှုအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၂ ခုနှစ်က စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ၈ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၂၉ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဝန်ဆောင်မှုကဏ္ဍတွင် ၆၁ ဒသမ ၄ ရာခိုင်နှုန်းအထိရှိကြောင်း Philippines Statistics Authority(PSA) အရ လေ့လာသိရှိရသည်။ 

ဆင်းရဲနွမ်းပါးမှုနှင့် ဆင်းရဲရသည့်အကြောင်းရင်းများ

အလုပ်လက်မဲ့ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းမှာ လူဦးရေ ၃၀၀၀ လျှင် ၂၆ ဦးနှုန်း သေဆုံးလျက်ရှိသည်။ PSA အရ ၂၀၂၁ ခုနှစ်က ဖိလစ်ပိုင်လူမျိုးများအကြား ဆင်းရဲနွမ်းပါးမှုပမာဏမှာ ခန့်မှန်းခြေအားဖြင့် ၁၈ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး မိသားစုပေါင်း ၃ ဒသမ ၅ သန်းခန့် ဆင်းရဲတွင်းနက်ခဲ့ရသည်ဟု ဆိုပါသည်။ ဆင်းရဲနွမ်းပါးရသည့် အဓိကအကြောင်းရင်းများမှာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေရရှိမှုကဲ့သို့သော အခြေခံ ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ မရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း လုံလောက်စွာမရရှိခြင်းနှင့် ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့် ရရှိခြင်းတို့ကြောင့်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်များ၊ ပဋိပက္ခ၊ မူးယစ်ဆေးဝါးပြဿနာ များနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း အချို့ဒေသများတွင် ဆင်းရဲနွမ်းပါးမှုကို ပိုမို ဆိုးရွားစေသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲရခြင်း အကြောင်းရင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျောင်းသားလူငယ်များ၊ အလုပ်လုပ်နိုင်သည့် လူငယ်/လူလတ်ပိုင်းများ ပျက်စီးထိခိုက်ရခြင်းအပြင် တရားမဝင် လက်နက်ကုန်သွယ် မှုများပါ ဆက်စပ်နေသည်။ လက်နက်ကိုင်အဖွဲ့များ၏ စီးပွားရေးဖြစ်နေပြီး နိုင်ငံဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးတို့တွင် များစွာအနှောင့်အယှက် အဟန့်အတားဖြစ် စေပါသည်။ 

ဖိလစ်ပိုင်သမ္မတ ဒူတာတေးလက်ထက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကမ္ဘာတွင် အကြီးကျယ်ဆုံး ဆောင်ရွက်ချက်များကို တွေ့ရပြီး ပြင်းထန်သော တိုက်ဖျက်ရေးလုပ်ငန်းစဉ် လှုပ်ရှားမှုများ၊ စစ်ဆင်ရေးများရှိခဲ့ကြောင်း လေ့လာတွေ့ရှိရ သည်။ ဖိလစ်ပိုင်အစိုးရသည် ယခင်က Inter-national Criminal Court-ICC တွင် လက်မှတ် ရေးထိုးထားသော်လည်း နုတ်ထွက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ထိရောက်မှုများရှိသကဲ့သို့ လူအများအပြား ထိခိုက် ပျက်စီးမှုများလည်းရှိခဲ့ကြောင်း လေ့လာသိရှိရသည်။ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တိုက်ဖျက်ခြင်း အဆင့်တိုင်းတွင် အဖွဲ့အစည်းတိုင်း၊ နိုင်ငံသားတိုင်း ပါဝင်ရပါမည်။ မထိခိုက်သင့်သူ၊ မဆိုင်သူများကို မထိခိုက်စေရန်လည်း တရားဥပဒေ ဘောင်အတွင်းမှ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း လေ့လာသုံးသပ်မိပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ

တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် ဘဘာဝဘေးအန္တရာယ်များက ဖိလစ်ပိုင်နိုင်ငံ၏ ထိခိုက်လွယ်ဒေသများရှိ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုများရှိနေ သည်ကို တွေ့ရှိရသည်။ နိုင်ငံ၏ သဘာဝဘေး အန္တရာယ်ကျရောက်မှုလျှော့ချရေး စီမံချက်များတွင် စောစီးစွာ သတိပေးခြင်းစနစ်များ၊ အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းရေး အစီအမံများနှင့် အာမခံစနစ်များကဲ့သို့သော အစီအမံများပါဝင်ပြီး ရာသီဥတုဒဏ်ခံနိုင်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ပြည်သူလူထုနှင့် နိုင်ငံတော်အဆင့်၌ သဘာဝဘေးအန္တရာယ် လျှော့ချခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ အားပေး ဆောင်ရွက်ရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်/ ရာသီဥတုဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်နိုင်စေရန် စသည်တို့လည်း ပါဝင်ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ် မကြာခဏခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မီးတောင် အရေအတွက် ပေါများသည့်နိုင်ငံဟု လူသိများပါသည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေအများဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ်တိုင်ဖွန်း မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် ဘဘာဝဘေးမျိုးစုံ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံ ဆင်းရဲရခြင်း အကြောင်းရင်းများတွင် သဘာဝဘေးကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ အရင်းအမြစ်များပျက်စီးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပျက်စီးခြင်းစသည်တို့ ပါဝင်ပြီး ဆုံးရှုံးမှုများပြားသည့်အလျောက် ပြန်လည်ထူထောင်ရေး ကုန်ကျစရိတ်လည်း များပြားကာ ထိုသို့မကြာခဏဖြစ်ခြင်းနှင့် ဆုံးရှုံးခြင်းများကြောင့် ဆင်းရဲမှုနှုန်း ပို၍ တိုးမြင့်လာမည် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတွင် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက် မှုတို့သည် အဓိကစိန်ခေါ်မှုများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်ထားရှိသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ၏ သီးနှံအာမခံ

စိုက်ပျိုးသီးနှံများအတွက် အာမခံလုပ်ငန်းကို အစိုးရပိုင် ဖိလစ်ပိုင်သီးနှံ အာမခံကော်ပိုရေးရှင်း (Philippine Crop Insurance Corporation-PCIC)က ဦးဆောင်ကြီးကြပ်ပြီး အဓိကရည်ရွယ်ချက်မှာ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသော သီးနှံဆုံးရှုံးမှုများ၊ ကောက်ပဲသီးနှံနှင့် အခြားသီးနှံများ အတွက် အပင်ရောဂါများနှင့် ပိုးကျခြင်းများကြောင့် ဆုံးရှုံးမှုများမှ  ကာကွယ်နိုင်စေရေးအတွက် လယ်သမားများအား အာမခံအကာအကွယ်ပေးရန် ဖြစ်သည်။ 

ဆန်စပါးအတွက် စိုက်ပျိုးရေးအာမခံလုပ်ငန်းကို ၁၉၈၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ပြောင်းနှင့် ၁၉၉၁ ခုနှစ်တွင် ဆေးရွက်ကြီးတို့အတွက် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၉၃ ခုနှစ်တွင် တန်ဖိုးမြင့် စီးပွားဖြစ်သီးနှံများ(High Value Commercial Crops-HVCC)(ငှက်ပျော၊ ကြက်ဟင်းခါး၊ ကညွတ်၊ ဂေါ် ဖီထုပ်၊ မုန်လာဥနီ၊ ပီလောပီနံ၊ အုန်း၊ ကော်ဖီ၊ စီးပွားဖြစ်အပင်များ၊ ဝါဂွမ်း၊ ကြက်သွန်ဖြူ၊ ချင်း၊ သရက်၊ ပဲစေ့၊ ကြက်သွန် နီ၊ သင်္ဘော၊ မြေပဲ၊ နာနတ်၊ ကြံ၊ ကန်စွန်းဥ၊ ဆေးရွက်ကြီး၊ ခရမ်းချဉ်၊ ဖရဲ၊ အာလူးဖြူစသည်)နှင့် အခြားကုန်ပစ္စည်းများပါ အကျုံးဝင်စေရန် အာမခံလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။

အာမခံအကာအကွယ်သည် စိုက်ပျိုးသည့် မျိုးစေ့အမျိုးအစားအပေါ် မူတည်၍ ကွဲပြားပြီး အလုပ်သမားစရိတ်၊ ထုတ်လုပ်မှုကုန်ကျစရိတ် စသည်တို့ အပါအဝင် အပိုဆောင်းကုန်ကျစရိတ်များကိုပါ လွှမ်းခြုံနိုင်မှုရှိကာ တစ်ဟက်တာလျှင် ဖိလစ်ပိုင်ပီဆို ၂၈၀၀၀ မှ ၆၅၀၀၀ အထိ ရရှိနိုင်သည်ကို တွေ့ရသည်။ အကျုံးဝင်ကာလမှာ မျိုးစေ့စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိဖြစ်ပြီး အာမခံပရီမီယံကြေးမှာ ဒေသ၊ ရာသီဥတုနှင့် ထိခိုက်ပျက်စီးမှု အမျိုးအစားတို့အရ နှစ်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်း ခန့် နှုန်းထားအမျိုးမျိုးရှိကာ ပရီမီယံကြေးကို လယ်သမား၊ ငှားရမ်းသည့်အဖွဲ့အစည်းနှင့် အစိုးရတို့ က မျှဝေကျခံကြရသည်။ 

တန်ဖိုးမြင့် စီးပွားဖြစ်သီးနှံများ(HVCC)အတွက် အာမခံအကာအကွယ်တွင် တိုင်ဖွန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများ၊ မြေငလျင် နှင့် မီးတောင်ပေါက်ကွဲမှုများ၊ အပင်ရောဂါများ၊ ပိုးကျခြင်းများနှင့် မတော်တဆမီးလောင်မှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များအတွက်ပါ အကျုံးဝင်သည်။

အာမခံကြေးထုတ်ယူမှုမရှိသည့် လယ်သမားများသည် အာမခံကြေးမထုတ်ယူသည့်အတွက် အပိုဆုကြေးအဖြစ် နောက်တစ်ကြိမ် အာမခံထားရှိချိန် တွင် ပရီမီယံကြေး၏ ၁၀ ရာခိုင်နှုန်းခန့် သက်သာခွင့် ရရှိသည်။

အခြားတစ်ဖက်တွင်လည်း ဖိလစ်ပိုင်အစိုးရသည် ဆန်စပါးအထွက်တိုးစေရန် စိုက်ပျိုးရေး အစီအစဉ်တစ်ခုဖြစ်သည့် Masagana 99၊ ဘက်စုံ စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေးအစီအစဉ်(Comprehensive Agrarian Reform Program-CARP)၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲမှုလျှော့ချရေး လှုပ်ရှားမှု(Social Reform and Poverty Allevi-ation Act-SRPAA)နှင့် Pantawit Pamilyang Pilipino Program(4Ps) စသည့် ဆင်းရဲနွမ်းပါမှု လျှော့ချရေး အစီအစဉ်အမျိုးမျိုးကို ကြိုးပမ်း အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရှိရသည်။

စိုက်ပျိုးစီးပွားကဏ္ဍ မြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ချက်များ
Masagana 99(M99)သည် ဆန်စပါးစိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရန်နှင့် စပါးအထွက်တိုးစေရန် ၁၉၇၃ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံတော်အစိုးရက စတင်ဆောင်ရွက်ခဲ့သည့် ဆန်စပါးထုတ်လုပ်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး သွင်းကုန်များအပေါ် မှီခိုနေမှုကို လျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လယ်သမားများအား ရိုးရာစပါးမျိုးစေ့များထက် ပိုမိုအထွက်နှုန်း ကောင်းသည့် စပါးမျိုးစေ့များကို စတင်မိတ်ဆက်ပေးခဲ့ပြီး ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် ဆည်မြောင်းဖောက်လုပ်ပေးခြင်းစသော ဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် သွင်းအားစုများ ထောက်ပံ့ပေးသည့်အပြင် ချေးငွေရရှိစေရန် စိုက်ပျိုးရေးချေး ငွေနှင့် သမဝါယမဘဏ္ဍာရေးစီမံခန့်ခွဲမှု(Agricu-ltural Credit & Cooperative Financing Admini-stration- ACCFA)မှတစ်ဆင့် ကူညီပံ့ပိုးပေးခဲ့သည်။ Masagana 99 အစီအစဉ်သည် နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိခဲ့သော်လည်း လုပ်ကွက်ငယ် တောင်သူများသည် တောင်သူလယ်သမားကြီးများ လောက် အကျိုးအမြတ်မရရှိခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရသည်။ 

ဘက်စုံ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေး အစီအစဉ် 

၁၉၈၇ ခုနှစ်တွင် ဘက်စုံစိုက်ပျိုးရေးပြုပြင် ပြောင်းလဲရေးအစီအစဉ်(CARP)ကို ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားများအား မြေယာပြန်လည် ပေးအပ်ခြင်းနှင့် အထောက်အပံ့ ဝန်ဆောင်မှုများပေးခြင်းဖြင့် နိုင်ငံအတွင်းရှိ မြေယာပြန်လည်ပြုပြင်ရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မြေယာများကို ပုဂ္ဂလိကမြေပိုင်ရှင်များထံမှ ဆန္ဒအလျောက် လွှဲပြောင်းပေးသည့်စနစ် သို့မဟုတ် မဖြစ်မနေ သိမ်းယူသည့် နည်းလမ်းတို့ဖြင့် ရယူခဲ့ပြီး မြေငှားများ စာချုပ်ဖြင့် ငှားရမ်းသူများနှင့် အနည်းဆုံး ၁၀ နှစ်ကျော်ခန့် မြေယာထွန်ယက် စိုက်ပျိုးခဲ့သည့် လယ်ယာမြေအလုပ်သမားများအား မြေယာများ ပေးအပ်ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေးဦးစီးဌာန၏ အဆို အရ တောင်သူလယ်သမား ၂ ဒသမ ၈ သန်းကျော် အား မြေဟက်တာ ၄ ဒသမ ၈ သန်းကျော် ထောက်ပံ့ ပေးနိုင်ခဲ့သည်ဟု သိရသည်။ ချေးငွေ၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး အထောက်အပံ့များ အပါအဝင် မြေယာနှင့် အရင်းအမြစ်များကို စုပေါင်းစီမံခန့်ခွဲမည့် တောင်သူလယ်သမားများအား ကိုယ်တိုင်ရပ်တည် နိုင်သော လူ့အဖွဲ့အစည်းများ ဖြစ်လာစေရန် ပျိုးထောင်ပေးပြီး စိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေး အဖွဲ့အစည်းများကိုပါ ထူထောင်ပေးခဲ့သည်။ မြေယာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခွန်ကောက်ခံခြင်းနှင့် အစိုးရငွေချေးစာချုပ်များ ထုတ်ချေးပေးခြင်းတို့မှ တစ်ဆင့် ရန်ပုံငွေထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မြေယာပိုင်ရှင်များ၏ ခုခံတော်လှန်မှုနှင့် ရန်ပုံငွေမလုံလောက်မှု စသောစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

လူထုဗဟိုပြု ဖွံ့ဖြိုးရေးအစီအစဉ်

၂၀၀၂ ခုနှစ်တွင် လူထုဗဟိုပြု ဖွံ့ဖြိုးရေးအစီ အစဉ်တစ်ခုဖြစ်သည့် Kapit-Bisig Laban sa Kahirapan Comprehensive and Integrated Delivery of Social Services (KALAHI-CIDSS)ကို စတင်ဆောင်ရွက်ခဲ့ပြီး ပြည်သူများကိုယ်တိုင် ဦးစားပေးလုပ်ငန်းများ ခွဲခြားသတ်မှတ်ရန်၊ စီမံကိန်းများ ကိုယ်တိုင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အရင်းအမြစ်များကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ စာရေးသူတို့နိုင်ငံရှိ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော လူထု ဗဟိုပြုစီမံကိန်း (Community Driven Develo-pment Project-CDDP)၊ ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Project-VDP) စသည်တို့၏ စီမံကိန်းပုံစံကဲ့သို့ လူထုကိုယ်တိုင် ဦးဆောင်အကောင်အထည်ဖော်သည့် စီမံကိန်းပုံစံဖြစ်သည်။

ပြည်သူလူထုကိုယ်တိုင် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောအရင်းအမြစ်နှင့် နည်းပညာအကူအညီ များ ထောက်ပံ့ပေးပြီး လမ်း၊ တံတား၊ ရေရရှိရေးနှင့် ကျန်းမာရေးဌာနများကဲ့သို့သော အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးသည့် လုပ်ငန်းများ ပါဝင်သည်။ ယင်းအစီအစဉ်တွင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အထောက်အပံ့များ၊ အစိုးရ၏ ထောက်ပံ့ငွေ၊ ပြည်သူလူထု၏လုပ်အား/ပစ္စည်းကိရိယာ/ငွေကြေး ထည့်ဝင်မှုတို့လည်း ပါဝင်သည်။ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆိုအရ ခရိုင် ၇၂ ခုရှိ ပြည်သူ ၃၀၀၀ ကျော်အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်သူ ၆ ဒသမ ၂ သန်းကျော် အကျိုးခံစား ခွင့်ရရှိကြောင်း သိရသည်။ 

စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစီအစဉ် 

၂၀၁၁ ခုနှစ်တွင် ဆင်းရဲမှုလျှော့ချရေးအစီအစဉ် တစ်ခုဖြစ်သည့် စဉ်ဆက်မပြတ် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအစီအစဉ် (Sustainable Livelihood Program-SLP)ကို စတင်ဆောင်ရွက်ခဲ့ပြီး ဆင်းရဲသားများနှင့် ထိခိုက်လွယ်အိမ်ထောင်စု များအား စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းနှင့် အရင်းအမြစ်များရရှိရေး ကူညီထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်။ SLP သည် တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ အပါအဝင် ဆင်းရဲ၍ ထိခိုက်လွယ်သော အိမ်ထောင်စုများအား ဦးတည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ မျိုးစေ့အရင်းအနှီးနှင့် ချေးငွေတို့ အပါအဝင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အကူအညီများစွာ ထောက်ပံ့ပေးပါသည်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် ပိုင်ရှင်စိတ်ဓာတ်ရှိမှုတို့ကို အလေးထားဆောင်ရွက်သည့် လူထု ဗဟိုပြုအစီအစဉ်ဖြစ်ပြီး ထောက်ပံ့ပေးရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် နည်းပညာ အကူအညီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေသည့် ဝန်ဆောင်မှုများလည်း ပါဝင်ပါသည်။ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆိုအရ အိမ်ထောင်စု ၁ ဒသမ ၂ သန်းကျော် အကျိုးခံစားရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Philippine Rural Development Project-PRDP) ကို ကျေးလက်ဒေသ အခြေခံ အဆောက်အအုံများ မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာကုန်ထုတ်လုပ်မှု မြှင့်တင်ပေး ခြင်းနှင့် ဈေးကွက်ရရှိရေး တိုးမြှင့်ပေးခြင်းတို့ဖြင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။ 

PRDP တွင် ကုန်ထုတ်လမ်းများ၊ တံတားများ၊ အများနှင့်ဆိုင်သော ဆည်မြောင်းဖောက်လုပ်မှုစနစ် များနှင့် အခြားအခြေခံအဆောက်အအုံ ဝန်ဆောင်မှု လုပ်ငန်းများ တည်ဆောက်ခြင်းနှင့် အသစ်ပြန်လည် ပြုပြင်ခြင်းတို့မှတစ်ဆင့် ကျေးလက်ဒေသ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ကုန်သိုလှောင်ရေးအဆောက်အအုံများ၊ အခြောက်ခံခြင်း ပစ္စည်းကိရိယာများနှင့် ရိတ်သိမ်း ပြီးနောက်ပိုင်းလိုအပ်သော အသုံးအဆောင်ပစ္စည်း များအတွက်ပါ ထောက်ပံ့ပေးသည်။ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ  ကုန်ထုတ်လုပ်မှုစွမ်းအား တိုးမြင့်စေရေးအတွက် လယ်သမားများအား နည်းပညာနှင့် သွင်းအားစုများ ကူညီပေးခြင်း၊ တန်ဖိုးမြင့်သီးနှံများ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးခြင်းကဲ့သို့သော တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကူညီထောက်ပံ့ပေးပါသည်။

ဒေသဆိုင်ရာအဆင့်နှင့် နိုင်ငံတော်အဆင့် ဈေးကွက်များသို့ ချိတ်ဆက်ပေးခြင်းဖြင့် ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် ကုန်ထုတ်လုပ်သူများအား ဈေးကွက်ရရှိစေပြီး ဈေးကွက်ဖော် ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် မှုအတွက် ဒေသဆိုင်ရာနှင့် နိုင်ငံတော်အဆင့် ကုန်စည်ပြပွဲများနှင့် ပြခန်းများတွင် ကျေးလက် ကုန်ထုတ်လုပ်သူများ ပူးပေါင်းပါဝင်ရေး ကူညီ ဆောင်ရွက်ပေးပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုအရ PRDP သည် တောင်သူလယ်သမားများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူ နှစ်သန်းကျော်ခန့် အကျိုးခံစားခွင့်ရှိစေခဲ့ပြီး ကျေးလက်ဒေသများတွင် လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေတိုးပွားစေရေးအတွက် များစွာအထောက် အကူပြုနိုင်ခဲ့သည်ကို တွေ့ရသည်။

လေ့လာသုံးသပ်ချက်

စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အခြေခံရာမှ လယ်ယာစိုက်ပျိုးရေးအပါအဝင် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်တွင် အခြေခံသည့်စနစ်သို့ ပြောင်းလဲ ဖော်ဆောင်ကာ သွင်းကုန်များအပေါ် မှီခိုရမှု လျော့နည်းစေရန် ဦးတည်ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း အစီအမံများ ဆောင်ရွက်ရာတွင် စာရေးသူတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စီမံကိန်းဒီဇိုင်း တူညီသည်ကို တွေ့ရှိရသည်။ သို့ရာတွင် ရှေ့၌ဆိုခဲ့သကဲ့သို့ပင် ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှုများ အကန့်အသတ်ဖြင့်ရရှိခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခနှင့် နိုင်ငံရေး မတည်ငြိမ်မှုများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကြီးမားသည့် စိန်ခေါ်မှုများဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ခွဲ၍မရသော အပြန်အလှန်ဆက်စပ် မှုဖြစ်သည့်အတွက် တစ်ပြိုင်နက်တည်း အတူယှဉ်တွဲ၍ ကြိုးပမ်းဖော်ဆောင်ရမည့် လုပ်ငန်း ဆောင်တာများဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုသည်ကလည်း ကြိုတင်ပြင်ဆင်မှုအားကောင်းမှ ထိခိုက်မှုလျှော့ချ နိုင်မည်ဖြစ်သည်။ အာရှတွင် ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးဒဏ်အခံရဆုံးနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကြုံတွေ့နေရသည်ပင်။ ကြိုတင်ပြင်ဆင်မှုကောင်းစေရန် ဌာနများ၊ ကော်မတီများ၊ အစိုးရများ ချိတ်ဆက်မှုအားကောင်းဖို့လိုသည်။ သို့မှသာထိခိုက်မှု လျော့ပါးသက်သာမည် ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် သီးနှံအာမခံစနစ် ကျင့်သုံးနေပြီး ထိုင်း၊ ဗီယက်နမ်တို့တွင်လည်း အလားတူ ကျင့်သုံးနေသည်ကို တွေ့ရသည်။ သဘာဝဘေးများ ဖြစ်ပေါ်ခဲ့လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း လုပ်သင့်သည်ဟု သုံးသပ်မိပါသည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး၊ ပဲ၊ ဆီထွက်သီးနှံစီမံကိန်းများတွင် လည်း နိုင်ငံတော်အကြီးအကဲက သီးနှံအာမခံထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။ နိုင်ငံတကာ အတွေ့အကြုံများ ရယူ၍ ကိုယ့်နိုင်ငံ၏ အခြေအနေအပေါ်မူတည်ပြီး Pilot အနေဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသော ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်များတွင် များစွာထိရောက် အကျိုးရှိမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက် ရပါသည်။ ။