မနီလာ ဇူလိုင် ၂၈
မနီလာမြို့အနောက်ဘက် ဘတ်တန်ပြည်နယ်တွင် ရေနံတင် သင်္ဘောတစ်စင်း ထပ်မံနစ်မြုပ်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေ စောင့်တပ် (PCG) က ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရေနံတင်သင်္ဘော MTKR Jason Bradley သည် ဇူလိုင် ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်တွင် မာရီဗီလက်စ် မြို့အနီးတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး အာမန်ဒို ဘာလီလိုက ပြောကြားခဲ့သည်။
ကမ်းရိုးတန်းစောင့်ရေယာဉ် သုံးစင်းသည် အဆိုပါရေနံတင် သင်္ဘောနစ်မြုပ်ရာနေရာသို့ သွားရောက်ခဲ့ပြီး ရေနံများ ပြန့်ကျဲမသွားစေရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
ဘတ်တန်ပြည်နယ်ရှိ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ဒုတပ်မှူး ဂျွန်အန်စီနာက MTKR Jason Bradley ရေနံတင်သင်္ဘောသည် လုပ်ငန်းသုံးလောင်စာဆီကိုသာ သယ်ဆောင်သည့် သင်္ဘောဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်လျက်ရှိပြီး တစ်ပတ် သို့ မဟုတ် နှစ်ပတ်ကြာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ပထမဆုံး နစ်မြုပ်နေသော ရေနံတင်သင်္ဘောမှ ရေနံပမာဏ အနည်းငယ်မျှသာ ဘူလာကန်ပြည်နယ်ရှိ ဟာဂိုနွိုင်းမြို့အနီး ရေထဲသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဆီယိုဖိတ်မှု ပမာဏကို ထိန်းထားနိုင်ဆဲဖြစ်ကြောင်း ဘီလာလိုက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်