၁၂ ဇွန်

 

ပြည်ပမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာပင်လယ်အော်တွင် ကျောက်ချရပ်နား ထားသည့် Carnival Cruise Line ကုမ္ပဏီပိုင်သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားအမှုထမ်း (၁၂၇)ဉီးနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား (၂၃)ဉီး စုစုပေါင်း (၁၅၀)ဉီးအား သင်္ဘောကုမ္ပဏီ၏စီစဉ်ပေးမှု၊ မြန်မာသံရုံး၊ မနီလာမြို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုတို့ဖြင့် Air Asia Philippines ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ ၆ နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။  


၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။


နိုင်ငံတကာကုန်သွယ်သင်္ဘောများ၊ အပျော်စီးသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည့် မြန်မာသင်္ဘောသားများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးအစီအမံများကြောင့်တာဝန်မှရပ်စဲခံရခြင်း၊ ဆိပ်ကမ်းကပ်ရာနိုင်ငံများ၌ Lock Down နှင့်ကြုံ တွေ့ရခြင်း၊ ပြည်ဝင်ခွင့်မရခြင်း၊ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲမှုယာယီ ရပ်ဆိုင်းခြင်းနှင့်အတူ ရောက်ရှိရာနေရာဒေသများတွင်အခက်အခဲကြုံတွေ့နေရခြင်း၊ လူစားလဲလှယ် (Crew change) ပြုလုပ်ရန် အခက်အခဲများရှိခြင်းတို့ကြောင့် သက်ဆိုင်ရာသင်္ဘောကုမ္ပဏီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မြန်မာသံရုံးများ၏ အစီအစဉ်ဖြင့်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ တင်ပြလျက်မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာသင်္ဘောသား စုစုပေါင်း(၅၅၀)ဉီးခန့်အား ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင်ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းများတွင် ပိတ်မိနေသည့် မြန်မာ သင်္ဘောသားဉီးရေ(၄၀၀)ကျော်အားလည်း ဇွန်လတတိယပတ်အတွင်း မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းစဉ်