မနီလာ အောက်တိုဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း ထရာမီ ကြောင့် သေဆုံးသူ ၁၃၀ ကျော်အထိရှိလာပြီး ၄၂ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ယနေ့ ပြောကြားသည်။
နိုင်ငံအတွင်းရှိ ဒေသ ၁၆ ခုမှ နိုင်ငံသား ၅ ဒသမ ၉ သန်းကျော်သည် အဆိုပါမုန်တိုင်းဒဏ်ကို ထိခိုက် ခံစားခဲ့ရကြောင်း သိရသည်။ ထရာမီသည် ဖိလစ်ပိုင်နိုင်ငံအတွင်း ယခုနှစ်တွင် (၁၁)ကြိမ်မြောက် ဝင်ရောက်တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး အဆိုပါ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူဇုန်ကျွန်းနှင့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ရေကြီးရေလျှံ မှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင် သဘာဝဘေးများအတွင်း ပျောက်ဆုံးနေသူများ အား တာဝန်ရှိသူများက ရှာဖွေလျက်ရှိသည်။
ထရာမီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ ဒေသခံများမှာ အစားအစာ နှင့် သောက်ရေများပြတ်လပ်နေသည်။
ထရာမီတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အခြေခံအဆောက်အအုံပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ပီဆို ၉၉၄ ဒသမ ၆ သန်းဖြစ်ပြီး စိုက်ပျိုးရေးအတွက် ပျက်စီးမှုသည် ပီဆို ၁ ဒသမ ၄၃၂ ဘီလီယံရှိကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသို့ တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။
အခြားတိုင်ဖွန်းမုန်တိုင်းတစ်ခုဖြစ်သည့် ကွန်ရေးသည် လူဇုံကျွန်း၏ အရှေ့ဘက် ၇၅၅ ကီလိုမီတာ အကွာအဝေးမှ ဖိလစ်ပိုင်နိုင်ငံသို့ ယနေ့တွင် ဦးတည်နေကြောင်းနှင့် လေတိုက်နှုန်းတစ်နာရီလျှင် ၁၁၅ ကီလိုမီတာရှိကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ