အောက်တိုဘာ ၃၁
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်ကတိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်းကြောင့် ၉၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ဆိုသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသတော်တော်များများတွင် တံတား ၈၂ စင်း၊ လမ်းမ ၃၆၄ ခုပျက်စီးခဲ့ပြီး လူပေါင်း ၁ ဒသမ ၈ သန်းကျော်ထိခိုက်မှုရှိခဲ့ကြောင်း ထိုအေဂျင်စီကပြောကြားသည်။
ထိုမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ၁၆ ကြိမ်မြောက်တိုက်ခတ်သော အပူပိုင်းမုန်တိုင်းဖြစ်သည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးဒဏ်အများဆုံးခံရသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ တိုက်ခတ်ကြောင်း သတင်းဖော်ပြထားသည်။
ဧပြီလက အပူပိုင်းမုန်တိုင်း မီဂီတိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို