မနီလာ ဇူလိုင် ၅

လူ ၉၂ ဦး လိုက်ပါလာသည့် ဖိလစ်ပိုင်လေတပ်၏ C-130 အမျိုးအစား လေယာဉ်တစ်စင်းသည် နိုင်ငံ၏တောင်ဘက် ဆူလူပြည်နယ် ဂျိုလိုကျွန်းတွင် ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ပျက်ကျခဲ့ရာ လူ ၂၉ ဦး သေဆုံးပြီး လူ ၄၀ ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေယာဉ်ပေါ်လိုက်ပါလာသည့် ၉၂ ဦးတွင် လေယာဉ်မှူးသုံးဦးနှင့် လေယာဉ်အမှုထမ်း ငါးဦး ပါဝင်ပြီး ကျန်အားလုံးသည်တာဝန်ဖြင့် ခရီးသွားသည့် တပ်မတော်သားများဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရင်ဇာနာက ပြောကြားသည်။

အဆိုပါလေယာဉ်သည် နိုင်ငံ၏မြောက်ဘက် မင်ဒါနာအိုကျွန်းပေါ်ရှိ ကာဂါယန်ဒီအိုရိုမြို့မှ တပ်ဖွဲ့ဝင်များကို ပို့ဆောင်နေစဉ် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်က ဂျိုလိုကျွန်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ဆီရီလီတိုဆိုဘီဂျာနာက ပြောကြားသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် အခင်းဖြစ်ပွားသည့်နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး လေယာဉ်ပေါ်လိုက်ပါသည့် လူအများစုကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ လေယာဉ်သည် မြို့တော်မနီလာရှိ ဖိလစ်ပိုင်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာပြီး ဂျိုလိုကျွန်းသို့ ဦးတည်မသွားမီ နိုင်ငံ၏မြောက်ဘက် မင်ဒါနာအိုကျွန်းပေါ်ရှိ ကာဂါယန်ဒီအိုရိုမြို့သို့ ဦးတည် ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်လေတပ်က ပြောကြားသည်။

အလားတူ ယခုနှစ်ဇွန်လက မြို့တော်မနီလာ မြောက်ဘက်တွင် ဖိလစ်ပိုင်လေတပ်၏ S-70i အမျိုးအစား လေယာဉ်သစ် တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်း ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ