ဇန်နဝါရီ ၁၉
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗိုဒီအိုရိုပြည်နယ် mining ကျေးရွာတွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားသဖြင့် သေဆုံးသူကိုးဦးအထိ ရှိလာကြောင်း ဒေသတွင်းအာဏာပိုင်များက ယနေ့တွင်ပြောကြားသည်။
အဆိုပါမြေပြိုမှုကြောင့် ရွှံ့မြေများအောက်နစ်မြုပ်သွားသောနေအိမ်များအနီးတွင် အမျိုးသမီးနှစ်ဦး၏အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့က ထပ်မံရှာဖွေဆယ်ယူရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုပြောကြားသည်။ ဒဏ်ရာရရှိသော ရွာသားတစ်ဦးသည် အခြေအနေစိုးရိမ်ရသည်ဟု မွန်ကာယိုသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံး၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအကြာတွင် ကလေးများအပါအဝင် ခုနစ်ဦး၏ အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေဆယ်ယူရရှိခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုများသည် ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်သော်လည်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့တွင်ပြန်လည်စတင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
မင်ဒါနာအိုကျွန်း ဒါဗိုဒေသရှိ ပြည်နယ်လေးခုတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း နှစ်သိန်းခုနစ်သောင်းကျော် သို့မဟုတ် အိမ်ထောင်စုပေါင်း ခုနစ်သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို