အောက်တိုဘာ ၂၆

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ် အစွန်အဖျားကျသောကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားသဖြင့် လေးဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်လေကြောင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင်ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် အောက်တိုဘာလ ၂၄ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုကြောင့် သေဆုံးခဲ့သူလေးဦး၏ အလောင်းကို ယမန်နေ့က ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း ဖိလစ်ပိုင်လေကြောင်းတပ်ဖွဲ့ ပြည်သူ့ရေးရာရုံး၏အကြီးအကဲက ပြောကြားသည်။

မြေပြိုမှုကြောင့် တောင်ခြေတွင် နေအိမ်ငါးလုံး မြေမြုပ်သွားခဲ့ကြောင်း ထိုပြည်နယ်ရှိ ဒေသတွင်းနှင့်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

သေဆုံးသူလေးဦးတွင် ကိုယ်ဝန်သည်တစ်ဦး၊ သူမ၏အမျိုးသားနှင့် အခြားအမျိုးသားနှစ်ဦးပါဝင်ပြီး ၎င်းတို့သည် အသေးစားရွှေတူးဖော်ရေးတွင်ပါဝင်လုပ်ကိုင်နေသော လယ်သမားများဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ထိုဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို