မနီလာ ဒီဇင်ဘာ ၂၇
ဖိလစ်ပိုင်နိုင်ငံ၌ ရက်သတ္တပတ်အတွင်း ဒေသအများအပြား၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုကြောင့် ခြောက်ဦးထက်မနည်း သေဆုံးကာ အခြား ၁၉ ဦး ပျောက်ဆုံးနေကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် အစိုးရက ပြောသည်။
သေဆုံးသူများမှာ လူဇွန်ကျွန်းရှိ ဘီကိုလ်ဒေသမှ သေဆုံးသူ နှစ်ဦးနှင့် နိုင်ငံတောင်ပိုင်း မင်ဒါ နာအို မြောက်ပိုင်းမှ သေဆုံးသူ လေးဦးဖြစ်ကြောင်း အမျိုးသားဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲမှု ကောင်စီ (အင်န်ဒီအာရ်အာရ်အမ်စီ) က ပြောသည်။ ပျောက်ဆုံးနေသူများတွင် ဘီကိုလ်ဒေသမှ ၁၀ ဦး ပါဝင်ပြီး အခြားသုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ ဒေသငါးခု အဓိကအားဖြင့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ လူပေါင်း တစ်သိန်းကျော် ရေဘေးသင့်ခဲ့ပြီး လူပေါင်း ၄၅၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဆိုသည်။ ရေကြီးရေလျှံမှုကြောင့် အိုးအိမ် ၅၀ ခန့် တစ်စိတ် တစ်ပိုင်း သို့မဟုတ် အလုံးစုံပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုနှင့်အတူ မိုးနှင့်ဆက်စပ်သော မြေပြိုကျမှုများ ဖြစ်နိုင်ဖွယ်ရှိသောကြောင့် မိုးလေဝသ ဗျူရိုက အသက်အန္တရာယ်နှင့် စည်းစိမ်ဥစ္စာများကို ကာကွယ်ရန်အတွက် လိုအပ်သော အစီအမံများ ဆောင်ရွက်ထားရှိရန် ပြည်သူများနှင့် အစိုးရအေဂျင်စီများကို တိုက်တွန်းထားသည်။
ဆင်ဟွာ