နိုဝင်ဘာ ၉
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဘာစလန်ပြည်နယ်တွင် ယမန်နေ့မနက်အစောပိုင်းက အမည်မသိသေနတ်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
အဆိုပါပစ်ခတ်မှုသည် လာမင်တန်မြို့တွင် ဒေသစံတော်ချိန်မနက် ၅ နာရီမထိုးမီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် မင်္ဂလာပွဲကျင်းပရန်အသုံးပြုသည့် ယာယီစင်မြင့်ပေါ်တွင် အိပ်ပျော်နေသူများဖြစ်ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူတစ်ဦးသည် ဒေသန္တရဆေးရုံတွင်ကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာသည်ဟု ရဲတပ်ဖွဲ့ကထပ်လောင်းပြောသည်။
ရဲတပ်ဖွဲ့က ကျည်ဆံခွံတစ်ဒါဇင်၊ အမ်-၁၆ ရိုင်ဖယ်နှင့်လက်နက်ခဲယမ်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ပစ်ခတ်သူများ၏ကိုယ်ရေးအချက်အလက်များနှင့် ပစ်ခတ်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို