မတ် ၂၁

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိမီးတောင်ပေါ်သို့ နိုင်ငံခြားသားခြောက်ဦး တောင်တက်နေစဉ်ပျောက်ဆုံးသွားသဖြင့် ကယ်ဆယ်ရေးသမားများက ယနေ့တွင် ရှာဖွေကယ်ဆယ်ရေးပြန်လည်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါနိုင်ငံခြားသားခြောက်ဦးမှာ အမျိုးသားများဖြစ်ကြပြီး အသက် ၆၇၊ ၆၀နှင့် ၅၈ နှစ်အရွယ် ဂျာမန်နိုင်ငံသားသုံးဦး၊ ၆၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦး၊ အသက် ၅၀ အရွယ် ကနေဒါနိုင်ငံသားတစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် ရုရှားနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားသည်။

ထိုခြောက်ဦးသည် နီဂရော့စ်အရှေ့တိုင်းပြည်နယ် ဗာလန်စီအာမြို့အနောက်တောင်ဘက်ရှိ တာလင်နစ်တောင်သို့တက်ရန် ယမန်နေ့မနက် ၈ နာရီဝန်းကျင်က ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

၎င်းတို့တောင်တက်သွားရာမှတည်းခိုရာအိမ်သို့ပြန်ရောက်မလာသဖြင့် ဒေသန္တရအာဏာပိုင်များက ချက်ချင်းပင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သော်လည်း တွေ့ရှိမှုမရှိသေးကြောင်းဖော်ပြထားသည်။

တာလင်နစ်မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၉၀၃ မီတာခန့်မြင့်မားပြီး ကန်လာအွန်တောင်ပြီးလျှင် နီဂရော့စ်ကျွန်းတွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို