ဇန်နဝါရီ ၂၂

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗိုဒေသတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၁၅ ဦးရှိလာကြောင်း ယမန်နေ့ကတရားဝင်အချက်အလက်ဖော်ပြထားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ဒါဗိုအိုရိုပြည်နယ်တွင် ၁၃ ဦးသေဆုံးပြီး ဒါဗိုမြို့တွင် နှစ်ဦးသေဆုံးသည်ဟု ပြောကြားသည်။

အဆိုပါရေကြီးရေလျှံမှုနှင့်မြေပြိုမှုတို့ကြောင့် လူငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ထိုအေဂျင်စီက ဆိုသည်။

မင်ဒါနာအိုကျွန်း ဒါဗိုဒေသရှိ ပြည်နယ်ငါးခုတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၃၄၉၀၀၀ သို့မဟုတ် မိသားစုပေါင်း ၈၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ဖော်ပြထားသည်။ ဇန်နဝါရီ ၁၅ မှ ၁၉ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုဒေသတစ်ဝန်းတွင် ရေကြီးမှုနှင့်မြေပြိုမှုများစွာဖြစ်ပွားခဲ့သည်ဟု ထိုအေဂျင်စီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို