မနီလာ ဒီဇင်ဘာ ၂၈
ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် သေဆုံးသူစုစုပေါင်း ၁၃ ဦးရှိလာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအေဂျင်စီက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
ထို့ပြင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် လက်ရှိ အချိန်အထိ ၂၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသားသဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးခဲ့ခြင်းဖြစ်
ဖိလစ်ပိုင်နိုင်ငံ အမျိုးသားသဘာဝ ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲ ရေးကောင်စီ၏ ပြောကြားချက်အရ ရေကြီးရေလျှံမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှ ရှစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှ နှစ်ဦးနှင့် လူဇုန်ကျွန်းပေါ်ရှိ ဘီကိုးလ်ဒေသမှ သုံးဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးနေသူများမှာ ဘီကိုးလ် ဒေသမှ ရှစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှ ၁၂ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှ သုံးဦးဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားခဲ့ပြီး အခြားသောခြောက်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေအိမ်များ၌ ယာယီနေထိုင်လျက်ရှိ
ရေကြီးရေလျှံမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ဒေသခြောက်ခုတွင် ပြည်သူ ၁၇၀၀၀၀ နီးပါး ရွှေ့ပြောင်း ခဲ့ရကြောင်း၊ ရွှေ့ပြောင်းခဲ့ရသူများအနက် ၄၅၀၀၀ သည် အစိုးရ၏ ခိုလှုံရေးစခန်းများ၌ ခိုလှုံ နေရပြီး အခြားသူများမှာ ၎င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များ၌ ယာယီ နေထိုင်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီး ရေလျှံမှုကြောင့် လူနေအိမ် ၅၃၄ အိမ်သည် လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုရှိခဲ့ကြောင်းနှင့် လမ်း ၁၅ လမ်း နှင့် တံတား သုံးစင်း ပျက်စီးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသားသဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်