ဖေဖော်ဝါရီ ၁၁

ဖိလစ်ပိုင်နိုင်ငံအနောက်တောင်ပိုင်း ပါလာဝန်ပြည်နယ်တွင်  ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် ဗင်ကားတစ်စီး မျောပါသွားပြီးနောက် သုံးဦးသေဆုံးပြီး အခြားနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။

အဆိုပါဗင်ကားပေါ်တွင် လူ ၁၂ ဦး လိုက်ပါလာကြောင်းနှင့် ထိုကားမှာ ဖေဖော်ဝါရီ ၉ ရက်နေ့ညပိုင်းက မျောပါသွားခြင်းဖြစ်ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးရုံးက ယမန်နေ့ညက ပြောကြားသည်။

ထိုယာဉ်ပေါ်ပါ ၁၂ ဦးအနက် ခုနစ်ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦး၏ရုပ်အလောင်းများကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ပျောက်ဆုံးနေသူများမှာ ဗင်ကားယာဉ်မောင်းနှင့် ၎င်း၏အမျိုးသမီးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီရက်များအတွင်း မိုးဆက်လက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ယင်းပြည်နယ်ရှိ မြို့လေးမြို့အတွင်းရှိ အိမ်ထောင်စု ၁၄၅၄ စုကို ယမန်နေ့မွန်းလွဲပိုင်းက ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြည်နယ်အရေးပေါ်လုပ်ဆောင်ရေးအဖွဲ့ကဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို