ဇူလိုင် ၃၁
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းဒေါ့ဆူရီဝင်ရောက်မှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၅ ဦးရှိလာပြီး လူ ၂၀ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ယနေ့တွင် ပြောကြားသည်။
လွန်ခဲ့သောသီတင်းပတ်က ဒေါ့ဆူရီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံအတွင်းရှိနေရာအနှံ့အပြားတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိသည်။
တိုင်ဖွန်းမုန်တိုင်းခါနွန်သည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက်ဝင်ရောက်သောမုန်တိုင်းဖြစ်သည်။ မြို့တော်မနီလာအပါအဝင် နိုင်ငံတစ်ဝန်းတွင် အနောက်တောင်မုတ်သုံမိုးရွာသွန်းမှု ပိုမိုအားကောင်းလာသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ဒေါ့ဆူရီမုန်တိုင်းဝင်ရောက်မှုကြောင့် ဖိလစ်ပိုင် အလယ်ပိုင်းတွင် နှစ်ဦး၊ မနီလာအနီးရှိဒေသတစ်ခုတွင်သုံးဦးနှင့် ဖိလစ်ပိုင်မြောက်ပိုင်းတွင် လူ ၂၀ တို့သေဆုံးခဲ့ကြောင်း ပြောကြားသည်။
နိုင်ငံမြောက်ပိုင်းတွင် လူ ၂၀ ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ထိုအေဂျင်စီက ထပ်လောင်းပြောကြားသည်။ နိုင်ငံအတွင်းရှိ လူ ၂ ဒသမ ၄ သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး ၅၀၀၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေဆဲဖြစ်သည်။
အဆိုပါမုန်တိုင်းဝင်ရောက်မှုကြောင့် နေအိမ်များ၊ သီးနှံစိုက်ခင်းများ၊ လမ်းများနှင့် တံတားများလည်း ပျက်စီးသွားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့သဘာဝဘေးဖြစ်ပွားမှုအများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ဝင်ရောက်လေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို