ဖေဖော်ဝါရီ ၇

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်ရှိ ဒေသများတွင် ယမန်နေ့ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရွှံ့မြေနှင့်ကျောက်တုံးကျောက်ဆောင်များအောက် လူခြောက်ဦးနစ်မြုပ်သေဆုံးနေသည်ကို ကယ်ဆယ်ရေးသမားများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်အစိုးရက ယနေ့တွင်ပြောကြားသည်။

အဆိုပါမြေပြိုမှုတွင် ဒဏ်ရာရရှိသူ ၃၁ ဦးကို ယနေ့မွန်းလွဲ ၂ နာရီက အသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ၄၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရကပြောကြားသည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု  ထပ်လောင်းပြောကြားသည်။ ထိုမြေပြိုမှုသည် ဒါဗာအိုဒီအိုရိုပြည်နယ် မာကိုမြို့ရှိ သတ္တုတွင်းလုပ်ငန်းနေရာအနီးတွင် ဒေသစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒါဗာအိုဒီအိုရိုသည် ဇန်နဝါရီလနှောင်းပိုင်းကစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည့် ဒါဗာအိုဒေသရှိပြည်နယ်များအနက် တစ်ခုဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို