ဇူလိုင် ၂၀
ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွား သုံးသန်းကျော်ဝင်ရောက်ကြောင်း ဖိလစ်ပိုင်ခရီးသွားဌာန၏ ထုတ်ပြန်ချက်တွင် ယမန်နေ့ညပိုင်းက ဖော်ပြထားသည်။
ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၁၉ ရက်အတွင်း နိုင်ငံခြားခရီးသွား ၃၀၀၀၀၇၉ ဝင်ရောက်ခဲ့ရာ ခရီးသွားကဏ္ဍပြန်လည်ဦးမော့လာခြင်းဖြစ်ကြောင်း ခရီးသွားဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုနှစ်ပထမနှစ်ဝက်အတွင်း ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံကျော်ရှိသဖြင့် ထိုဝင်ငွေသည် ၂၀၂၂ ခုနှစ် အလားတူကာလအတွင်း ခရီးသွားလုပ်ငန်းမှရရှိသော ဝင်ငွေထက် အဆပေါင်း ငါးဆကျော်နီးပါး ရှိသည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့လာရောက်သော နိုင်ငံခြားခရီးသွားများအနက် တောင်ကိုရီးယားနိုင်ငံမှ ၇၄၁၆၅၈ ဦးရှိရာ တောင်ကိုရီးယားခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်သည်။ တောင်ကိုရီးယားပြီးလျှင် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့မှလာရောက်သူများပြားကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်က နိုင်ငံခြားခရီးသွား ၂ ဒသမ ၆၅ သန်းကျော် ဝင်ရောက်ခဲ့ရာ ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၄ ဘီလီယံကျော် ဝင်ငွေရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို