ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၈ သန်းကျော်ဝင်ရောက်

စက်တင်ဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၈ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင်ခရီးသွားဝန်ကြီး ခရစ်တီးနားဖရာကိုက စက်တင်ဘာ ၂၀ ရက်က ပြောကြားသည်။

ယခုနှစ် စက်တင်ဘာ ၁၉ ရက်အထိ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုအရေအတွက်သည် ခရီးသွားဌာနကယခုနှစ် နှစ်ကုန်ပိုင်းအထိ ရည်မှန်းထားသည့် နိုင်ငံခြားသားခရီးသွား ၄ ဒသမ ၈ သန်း၏ ၈၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု ဖရာကိုက အစိုးရအဖွဲ့ကစီစဉ်သော ခရီးသွားပြပွဲတစ်ခုတွင် ပြောကြားသည်။

ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၄ ဒသမ ၈ သန်းမျှော်မှန်းထားသည့်အပြင် ပြည်တွင်းခရီးသွား  ၈၅ သန်းကျော်ရှိရန်လည်း ရည်မှန်းထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ခရီးသွားလုပ်ငန်းပြန်လည်အသက်ဝင်လာချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခရီးသွား လုပ်ငန်းကိုမြှင့်တင်ရန်၊ နိုင်ငံတစ်ဝန်းရှိ ခရီးသွားလုပ်ငန်းအသိုက်အဝန်းတိုးတက်မှုရှိရန်နှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် အမွေအနှစ်ထိန်းသိမ်းရာတွင် ပါဝင်ရန် ဖရာကိုကပြောကြားသည်။

၂၀၂၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံသို့  နိုင်ငံခြားသားခရီးသွား ၂ ဒသမ ၆၅ သန်းကျော် ဝင်ရောက်ခဲ့ရာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၄ ဘီလီယံဝင်ငွေရရှိပြီး ထိုဝင်ငွေသည် နိုင်ငံ၏ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၆ ဒသမ ၂ ရာခိုင်နှုန်းရှိသည်ဟု တရားဝင်အချက်အလက်ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းအတွေ့အကြုံတိုးတက်စေရန်နှင့် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန် လေဆိပ်များအဆင့်မြှင့်တင်ခြင်း၊ ခရီးသွားနေရာသစ်များဖော်ဆောင်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြေလျှော့ပေးခြင်းတို့လုပ် ဆောင်လျက် ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို