ဖေဖော်ဝါရီ ၇
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ယမန်နေ့က ထုထည်ကြီးမားသောမြေပြိုမှုတွင် ခရီးသည်တင်ဘတ်စ်ကားသုံးစီး နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ အဆိုပါမြေပြိုမှုသည် ဒါဗာအိုဒီအိုရိုပြည်နယ် မာကိုမြို့ရှိ သတ္တုတွင်းလုပ်ငန်းနေရာအနီးတွင် ည ၇ နာရီ ၅၀ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောကြားသည်။ ထိုခရီးသည်တင်ဘတ်စ်ကားများသည် သတ္တုတွင်းလုပ်ငန်းနေရာမှအလုပ်သမားများတင်ဆောင်လာစဉ် မြေပြိိုမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းမြေပြိုမှုတွင် လူအများအပြား အသက်ရှင်လျက်နစ်မြုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းမြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူဦးရေကို မသိရှိရသေးကြောင်း ဒေသတွင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ပြောကြားသည်။ ဒါဗာအိုဒီအိုရိုပြည်နယ်သည် ဒါဗာအိုဒေသရှိပြည်နယ်များအနက်တစ်ခုဖြစ်ပြီး မကြာသေးမီရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ တောင်ပိုင်း မင်ဒါနာအိုဒေသတွင် ဇန်နဝါရီ ၂၈ မှဖေဖော်ဝါရီ ၂ ရက်နေ့အထိ အရှေ့မြောက်မုတ်သုံလေနှင့် မိုးများရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ဖော်ပြထား သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို