မနီလာ ၂၈ ဇန်နဝါရီ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးခဲ့ပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယမန်နေ့ အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
နိုင်ငံ၏တောင်ဘက်ပိုင်းတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထူထောင်ရန် နိုင်ငံအတွင်းရှိ မွတ်စလင်များက ထောက်ခံမဲပေးခဲ့ပြီးနောက် ရက်သတ္တပတ်ခန့်အကြာတွင် အဆိုပါအကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ဂျိုလိုကျွန်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း၌ ခရစ်ယာန် ဘာသာဝင်များ စုဝေးရောက်ရှိစဉ် ပထမဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးအရာရှိများ စစ်ဆေးမှုများလုပ်ဆောင်ရန် ရောက်ရှိလာစဉ် ခရစ်ယာန်ဘုရားကျောင်း၏ ယာဉ်ရပ်နားရာနေရာတွင် ရပ်နားထားသော မော်တော်ဆိုင်ကယ်တစ်စီး၏ ပစ္စည်းထည့်သေတ္တာအတွင်းမှ နောက်ထပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများအနက် တပ်မတော်သားငါး၊ ကမ်းခြေစောင့်တပ်ဖွဲဝင် တစ်ဦးနှင့် အရပ်သား ၁၂ ဦးတို့ ပါဝင်သည်ဟု ဒုတိယဗိုလ်မှူးကြီး ဂျာရီ ဘီဆာနားက ဆိုသည်။
ယင်းအကြမ်းဖက်မှု၏ နောက်ကွယ်တွင် ပြန်ပေးဆွဲငွေတောင်းမခံမှုများဖြင့် ကျော်ကြားသော အဘူဆေရာ့ဖ်အဖွဲ့ရှိကြောင်း အာဏာပိုင်များက ဆိုသည်။
ဂျိုလိုကျွန်းသည် အဘူဆေရာ့ဖ်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့ အခြေစိုက်သည့် ဒေသဖြစ်သည်။ ၂၀၁၄ ခုနှစ်က လူပေါင်း ၁၁၆ ဦး သေဆုံးခဲ့သည့် မနီလာပင်လယ်အော်အတွင်း သင်္ဘောတစ်စင်အား ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် အပါအဝင် လူပေါင်းများစွာသေဆုံးခဲ့သော ဗုံးဖောက်ခွဲမှုများကို အဆိုပါအုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များရှိကြောင်း အအာဏာပိုင်များက ဆိုသည်။
ဂျိုလိုကျွန်းသည် ဆူလုစီရင်စုတွင်တည်ရှိပြီး ဆူလုစီရင်စုရှိ မွတ်စလင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ဆန့်ကျင်ကြသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုငါးခုအနက် အများစုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ထောက်ခံမည်ဆိုပါက အဆိုပါစီရင်းစုငါးခုစလုံးသည် အစိုးရအဖွဲ့၏ လက်အောက်တွင် ရှိရမည်ဖြစ်သည်ဟု ဥပဒေတွင်ထည့်သွင်းဖော်ပြထားသည်။
ဇန်နဝါရီ ၂၁ ရက်တွင် အများဆန္ဒခံယူရာတွင် စီရင်စုအများစုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ထောက်ခံခဲ့သည့်အတွက် ဆူလုစီရင်စုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့၏ လက်အောက်တွင် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။
ယခုဗုံးပေါက်ကွဲမှုသည် မွတ်စလင်စစ်သွေးကြွအဖွဲ့က သတိပေးခြိမ်းခြောက်သည့်အနေဖြင့် ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ရဲအရာရှိများက ထင်မြင်ယူဆကြသည်။တပ်မတော်နှင့် ရဲအရာရှိများက အဆိုပါဗုံးပေါက်ကွဲမှုတွင် မွတ်စလင်စစ်သွေးကြွများပါဝင် ပတ်သက်မှုရှိမရှိကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အေအက်ဖ်ပီ