၄ မေ

ဖိလစ်ပိုင်နိုင်ငံတွင်းပျံသန်းတဲ့ လေယာဉ်ရဲ့ ပြည်တွင်းခရီးစဉ်တွေကို သီတင်းတစ်ပတ်တိတိ မနေ့က စပြီး ရပ်နားလိုက်ကြောင်း သိရပါတယ်။

 

နိုင်ငံတကာမှာ သွားရောက်အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိမ်ပြန်လာကြပါတယ်။  သီးသန့်ထားရှိတဲ့ စောင့်ကြည့်ဆောင်တွေမှာ ထောင်ချီတဲ့ လုပ်သားတွေနဲ့ ပြည့်နှက်နေပြီဖြစ်ပါတယ်။ အဲဒီအတွက် သီသန့်ထားရှိတဲ့နေရာတွေမှာ နေရာလွတ်ရှိလာအောင် ပြည်တွင်းခရီးစဉ်တွေ ရပ်နားခြင်းဖြစ်ပါတယ်။

 

ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ စင်ကာပူနဲ့ ကာတာနိုင်ငံတွေဟာ ဖိလစ်ပိုင်နိုင်ငံသား အများစုရဲ့ ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်လေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံသား ၂၄,၀၀၀ လောက်ဟာ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး တုံ့ဆိုင်းသွားတဲ့အတွက် အလုပ်မှ ရပ်နားခံရလို့ အမိနိုင်ငံကို ပြန်ရောက်နေပြီး ဖြစ်ပါတယ်။

 

နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားတိုင်းဟာ ၁၄ ရက်တိတိ သီးသန့်ထားရှိတဲ့ စောင့်ကြည့်ဆောင်တွေမှာ နေထိုင်ရမှာဖြစ်ပါတယ်။

 

နိုင်ငံပြင်ပကို ထွက်မယ့်  လေယာဉ်တွေကိုတော့ ဆက်လက်ထွက်ခွာခွင့်ရှိပြီး၊ ဖိလစ်ပိုင်နိုင်ငံမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပကို ထွက်ခွာခွင့်လည်း ပြုထားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ သီးသန့်ခွဲထားတဲ့ဆောင်များအဖြစ် ကွန်ဗင်းရှင်းစင်တာများ၊ သင်္ဘောများ၊ ဟိုတယ်များ နဲ့ အစိုးရအဆောက်အအုံများကို အသုံးပြုထားပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက်ဟာလည်း သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။

 

၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ ၂၆၂ ဦး နဲ့ သေဆုံးသူ ၁၆ ဦးရှိရာ ရောဂါပိုးရှိသူ စုစုပေါင်း  ၉,၄၈၅ ဦး နဲ့ သေဆုံးသူ ၆၂၃ဦး ရှိကြောင်း မတ် ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN
ကိုးကား - AFP