မနီလာ ၂၉  ဇန်နဝါရီ

 

ပဋိပက္ခများဖြစ်ပွားနေသည့် ဖိလစ်ပိုင်တောင်ပိုင်းတွင် ကက်သလစ်ဘာသာဝင်တို့၏ ဘုရားရှိခိုးကျောင်းတစ်ခုကို အိုင်အက်စ် စစ်သွေးကြွများက ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူအယောက် ၂၀ သေဆုံးခဲ့ရာ အဆိုပါ ဖြစ်ရပ်သည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ခွဲထွက်ရေးသမားများ၏ ပုန်ကန်ထကြွမှုများကို အဆုံးသတ်သွားစေရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများအပေါ် ဖိအားများကျရောက်လာစေခဲ့ကြောင်း သိရသည်။

 

အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ ဂျိုလိုကျွန်းပေါ် ရှိ ဘုရားရှိခိုးကျောင်း၌ တနင်္ဂနွေနေ့က ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး ပြတင်းတံခါးများ ကွဲကျေပျက်စီးခဲ့သည်။ ဆုတောင်းဝတ်ပြု သူအများအပြား သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် နှစ်များစွာအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ အဆိုးရွားဆုံး ဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆယ်စုနှစ်များစွာကြာအောင် အကောင်အထည်ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကျိုးသက်ရောက်မှု ရှိလာနိုင်သည့်အတွက် စိုးရိမ်ရကြောင်း ကျွမ်းကျင်သူများက တနင်္လာနေ့တွင် သတိပေးခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဖိလစ်ပိုင်တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ထူထောင်ရေးအတွက် မဲပေးထောက်ခံမှုများ လုပ်ဆောင်ခဲ့သည်။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ရန် မဲပေးမှုသည် ၁၉၉၀ပြည့်နှစ်များအတွင်းက ဖိလစ်ပိုင်၏ အကြီးဆုံးသူပုန်အဖွဲ့ ဖြစ်သည့် မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦးအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ခဲ့မှု၏ရလဒ်ဖြစ်သည်။

 

အိုင်အက်စ်တို့ဘက်က တရားဝင်သတင်းထုတ်ပြန်ချက် တစ်ခုတွင် အသေခံဖောက်ခွဲရေးသမားနှစ်ဦးက ပေါက်ကွဲ ပစ္စည်းများကို ထောင်ထားခဲ့ကြောင်း ဂျီဟတ်စစ်သွေးကြွတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်နေသည့် SITE ထောက်လှမ်းရေးအဖွဲ့က ဖော်ပြခဲ့သည်။

 

အေအက်ဖ်ပီ