မနီလာ မတ် ၁၁
နိုင်ငံခြားမှ မနီလာသို့ ပြန်လည်ရောက်ရှိလာသော ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက မတ် ၁၁ ရက်က ကြေညာချက် ထုတ်ပြန်လိုက်သည်။
မနီလာရှိ နိုင်ငံတကာရဲတပ်ဖွဲ့သည် မတ် ၁၁ ရက်က နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားဝင် ဖမ်းဝရမ်းကို လက်ခံရရှိခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ရုံး၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂၀ တွင် မနီလာလေဆိပ်သို့ရောက်ရှိလာသော ဒူတာတေး အား နိုင်ငံတကာရာဇဝတ်ခုံရုံး အစိုးရရှေ့နေချုပ်က နိုင်ငံတကာရဲတပ်ဖွဲ့မှတစ်ဆင့် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရဆရာဝန်များက သမ္မတဟောင်းကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ချိန်တွင် ဒူတာတေးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သမ္မတရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။
ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ဒူတာတေးသည် ၎င်းကိုယ်တိုင် မေးခွန်းထုတ်ခဲ့သည်။ မိမိ ကျူးလွန်ခဲ့သော ရာဇဝတ်ပြစ်မှုက ဘာလဲဆိုပြီး သူ့မိသားစုထံပေးပို့ခဲ့သော ရုပ်သံဖိုင်တွင် ပြောကြားခဲ့သည်။
ဒူတာတေးကို ဖမ်းဆီးခြင်းသည် တရားမဝင်ကြောင်း သမ္မတ၏ ဥပဒေအကြံပေးအကြီးအကဲ ဟောင်းက မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် နိုင်ငံတကာရာဇဝတ်ခုံရုံးအဖွဲ့မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ ဒူတာတေးသည် ၎င်း၏ သမ္မတသက်တမ်းတစ်လျှောက် မူးယစ်ဆေးဝါးစစ်ပွဲခေါ်သည့် တရားမဝင်မူးယစ်ဆေးဝါး နှိမ်နင်းမှုကို ဦးဆောင်ခဲ့သည်။ အဆိုပါနှိမ်နင်းမှုအတွင်း မူးယစ်ဆေးနှင့်ပတ်သက်ပြီး သံသယရှိသူ ၆၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ