မနီလာ ၃ စက်တင်ဘာ
ဖိလစ်ပိုင်တောင်ပိုင်း အင်တာနက် ကဖေးဆိုင် တစ်ဆိုင်တွင် ဗုံးတစ်လုံး မကြာသေးမီက ပေါက်ကွဲခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုသည် ယင်းမြို့တွင် ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
အစ်ဆူလန် ဗုံးပေါက်ကွဲမှုသည် ဩဂုတ် ၂၈ ရက်က ဆိုင်ကယ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာနှင့် သိပ်မဝေးသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ဩဂုတ် ၂၈ ရက် ဆိုင်ကယ်ဗုံး ပေါက်ကွဲမှုတွင် လူသုံးဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများသည် ဖိလစ်ပိုင်တောင်ပိုင်း ဘရင်ဂျီဂိုဏ်းဝင်များ ကြီးစိုးရာ ကျွန်းတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများဖြစ်ပြီး၊ ဟိုးယခင်ကတည်းက ယင်းဒေသတွင် အိုင်အက်စ်အကြမ်းဖက်စစ်သွေးကြွများ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှု၌ မည်သူတွင် တာဝန်ရှိသနည်း၊ မည်သူ၏လက်ချက်ဖြစ်သနည်းဆိုသည်မှာ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အဆိုပါဗုံးခွဲတိုက်ခိုက်မှုသည် အိုင်အက်စ် အကြမ်းဖက် စစ်သွေးကြွအဖွဲ့များနှင့် ဆက်သွယ်မှုရှိသည့် ဘန့်ဆာမိုရိုအစ္စလမ္မာစ် လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားများအဖွဲ့ (BIEF) အပေါ် သံသယမကင်း ဖြစ်လျှက်ရှိကြောင်း သိရသည်။
အဲဒါ (BIEF) အဖွဲ့ရဲ့ လက်ချက်ပဲဖြစ်ရမယ်လို့ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ စီရီလီသို ဆိုဘီဂျန်နာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အဲဒီအဖွဲ့က ယခုလို မငြိမ်မသက်ဖြစ်မှုတွေကို ဖန်တီးတဲ့အဖွဲ့ပါပဲလို့ပြောခဲ့သည်။
အစ်ဆူလန် မြို့တော်ဝန်ရုံးနှင့် စစ်ဘက်ဆိုင်ရာက တနင်္ဂနွေနေ့ကဖြစ်ပွားသော ဗုံးပေါက်ကွဲမှုတွင် လူတစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ လေးဦးမှာ စိုးရိမ်ရသောအခြေအနေရှိကြောင်း ပြောခဲ့သည်။
ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး အစိုးရက နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ပဋိပကများကို အဆုံးသတ်ရေး ဥပဒေတစ်ခုပြဌာန်းပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဗုံးဖောက်ခွဲသည့် အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်က ဖိလစ်ပိုင်တောင်ပိုင်းမြို့တော် မာရဝီကို အိုင်အက်စ် ထောက်ခံအကြမ်းဖက် အဖွဲ့က သိမ်းပိုက်ပြီးနောက် အဆိုပါဒေသကို ယခုနှစ်ကုန်ထိ စစ်ဥပဒေပြဌာန်းထားကြောင်း သိရသည်။
အေအက်ဖ်ပီ