မနီလာ ၁၂ ဖေဖော်ဝါရီ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူရီဂါအိုဒယ်နော့တီပြည်နယ်ရှိ မြို့ငယ်တစ်ခုတွင်ဖေဖော်ဝါရီ ၈ ရက်ကတည်းက အကြိမ် ၂၅၀ နီးပါး ငလျင်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဌာနက ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။
ဆူရီဂါအိုဒယ်နော့တီပြည်နယ် General Luna မြို့ အရှေ့မြောက်ဘက်ရှိ မြေအောက်အနက် ၄၄ ကီလိုမီတာကို ဗဟိုပြု၍ ဖေဖော်ဝါရီ ၁၀ ရက် ဒေသစံတော်ချိန် နံနက်၆နာရီ ၂၁ မိနစ်တွင် အင်အား ၅ ဒသမ ၅ ရစ်ချ်တာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်တွင် နောက်ဆက်တွဲငလျင် ၆၀ ကျော် လှုပ်ခတ်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၅ မိနစ်တွင် General Luna မြို့အရှေ့တောင်ဘက် ၂၈ ကီလိုမီတာရှိ မြေအောက်အနက် ၁၉ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၉ ရစ်ချ်တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၉ ရက်တွင်လည်း General Luna မြို့တွင် ငလျင်လှုပ်ခတ်မှု ၁၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၁၀ ရက်မွန်းလွဲပိုင်းအထိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာဖြစ်ပေါ် ခြင်းကိုမူ ဖိလစ်ပိုင်နိုင်ငံရှိ သဘာဝဘေးအန္တရာယ် ဌာနများမှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ဆင်ဟွာ