၁၂ ဧပြီ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားသဖြင့် အဘူလ်ဆေးရဖ် စစ်သွေးကြွ ကိုးဦးသေဆုံးပြီး အခြား ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ဘက် က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ပါတီကူလ် ၊ ဆူလူပြည်နယ်ရှိ အစွန်အဖျား ရွာတစ်ရွာတွင် အဘူလ်ဆေးရဖ် စစ်သွေးကြွ ခေါင်းဆောင် ရာဒူလန် ဆာဟီရွန် နှင့် ဒုတိယ ခေါင်းဆောင် ဟာတစ်ဟာဂျန်တို့သည် စစ်သွေးကြွ ၁၂၀ ဦးကိုဦးဆောင်ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် ယမန်နေ့မနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် စစ်သွေးကြွတစ်ဦးသေဆုံးခဲ့ကြောင်း စစ်တပ်ဘက်က ပြောကြားခဲ့သည်။
ထွက်ပြေးသွားသော စစ်သွေးကြွများကို အစိုးရတပ်များက လိုက်လံရှင်းလင်းရာတွင် ညနေ ၃ နာရီ ၄၅ မိနစ် မှ ၅ နာရီ ၄၅ မိနစ်အထိ တိုက်ပွဲများ သုံးကြိမ်ဆက်လက်ဖြစ်ပွားကာ အခြားသော စစ်သွေးကြွ ရှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ဘက်က ဆိုသည်။
ဆူလူပြည်နယ် ပူးတွဲအထူးလုပ်ငန်းအဖွဲ့ အုပ်ချုပ်သူအရာရှိ ဗိုလ်မှူးချုပ် ဒီဗွီနို ရေး ပါဘာယို က စစ်တပ်ဘက်က စစ်ဆင်ရေးလုပ်ငန်း အောင်မြင်မှုရရှိရန် ဒေသခံအသိုင်းအဝိုင်းက ဦးဆောင်ကာ ပူးပေါင်းဆောင်ရွက်ပြီး ထောက်ခံအားပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ဘာသာပြန်- မြင့်မြင့်ချို
ကိုးကား- ဆင်ဟွာ