ဖိလစ်ပိုင်တွင် နိုင်ငံခြားသားများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဖေဖော်ဝါရီ ၁ ရက်မှစတင် ဖြေလျှော့သွားမည်

၂၉ ဇန်နဝါရီ

 

 

ဖိလစ်ပိုင်နိုင်ငံတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိကြောင်း အတည်ပြုထားသည့် ဒေသများနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ခရီးသွားများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဖေဖော်ဝါရီလမှ စတင်ကာ ဖြေလျှော့သွားမည် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ Harry Roque က ယနေ့တွင် ပြောကြားခဲ့သည်။

 

 

ဗြိတိန်၊ တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် ဒေသများနှင့် နိုင်ငံပေါင်း ၃၆ နိုင်ငံတို့မှ ခရီးသွားများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုသည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။

 

 

ခရီးသွားများကို ဝင်ရောက်ခွင့်ပြုသော်လည်း ၎င်းတို့အနေဖြင့် ၁၄ ရက်ကြာ ကွာရန်တင်း နေထိုင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကို ထိန်းချုပ်ရန် ဖေဖော်ဝါရီ လကုန်ပိုင်းအထိ မြို့တော်မနီလာတွင် ကွာရန်တင်းဆက်လက် ထားရှိမည်ဟု ၎င်းကဆိုသည်။

 

 

မနီလာမြို့မှအပ နိုင်ငံတစ်ဝန်းရှိ ပြည်နယ်များတွင်လည်း ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ထားသည်ဟု ၎င်းက ပြောကြားသည်။ အခြားဒေသများရှိ ပြည်နယ်များတွင် ကန့်သတ်ချက်များ ဖြေလျှော့သွားမည်ဟု ဆိုသည်။

 

 

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ အသွားအလာ ကန့်သတ်မှုများ ချမှတ်ထားခဲ့သည်။

 

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ ၅၁၉၅၇၅ ဦး အထိရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၅၅၂ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို