မနီလာ ၃ ဇွန်
ဖိလစ်ပိုင်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၁ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ ယနေ့အထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၁၉၇၄၈ ဦးရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ယနေ့ ပြောကြားသည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ရှစ်ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၉၇၄ ဦးရှိလာကြောင်း သိရသည်။
သို့သော် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၀ ထပ်မံကျန်းမာလာပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ကြရာ ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၁၃၅ ဦးရှိလာကြောင်း သိရသည်။
တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၅၁ ဦးအနက် ၂၄၂ ဦးသည် မနီလာမြို့တွင် ရောဂါကူးစက်ခံရခြင်းဖြစ်ပြီး ကျန် ၃၄၂ ဦးသည် နိုင်ငံ၏အလယ်ပိုင်း ဗီဆာယားစ်ဒေသတွင် ရောဂါကူးစက်ခံရကာ ကျန် ၁၅၆ ဦးသည် နိုင်ငံ၏ အခြားဒေသများတွင် ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၁ ဦးသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်သည့် ဖိလစ်ပိုင်နိုင်ငံသားများဖြစ်၍ အစိုးရက မကြာသေးမီ ပြန်ခေါ်သည့် အလုပ်သမားများဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ