ဇူလိုင် ၁၃

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းဘာဗီနှင့် အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၁၈ ဦးအထိ မြင့်တက်လာပြီး ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးရုံး အိုစီဒီ(OCD) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရသိရသည်။

သေဆုံးသူအများစုသည် မြေပြိုခြင်းနှင့် ရေနစ်ခြင်းတို့ကြောင့်ဖြစ်ပြီး ပြင်းထန်သောရာသီဥတုကြောင့် နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၅၆၂၀၀၀ ခန့် ထိခိုက်ခဲ့သည်ဟု အိုစီဒီက ပြောကြားသည်။

ဖိလစ်ပိုင်လေထု၊ ဘူမိရူပဗေဒနှင့် နက္ခတ္တဗေဒဝန်ဆောင်မှုစီမံခန့်ခွဲရေး (PAGASA) က တိုင်ဖွန်းဘာဗီသည် အနောက်တောင်မုတ်သုံလေကို ပိုမိုကောင်းမွန်စေပြီး ဒေသအများအပြားတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမည်ဖြစ်ကြောင်းနှင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေကြောင်း ပြောကြားခဲ့သည်။

 

အာဏာပိုင်များသည် ဘေးအန္တရာယ်ကျရောက်ရာနေရာများတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကာ ဘေးအန္တရာယ်အပြီး တုံ့ပြန်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်စေခဲ့ပြီး ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပင်လယ်ရေမျက်နှာပြင်အခြေအနေ ကြမ်းတမ်းမှုကြောင့် ဆိပ်ကမ်းများတွင် ခရီးသည်ရာပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပို့ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို