မြိတ်  ၁၁  မေ 


မြန်မာနိုင်ငံ၏ တောင်ဘက်၊ တနင်္သာရီတိုင်းဒေသကြီး။ ကျွန်းစုမြို့နယ်၊ ပထက်တောင်ကမ်းခြေ ရေကမ်းစပ် မြိတ်မြို့တစ်ဖက်ကမ်းတွင် ထူးခြားစွာဖြင့် အရှေ့အရပ်ကို မျက်နှာမူကာ တည်ထားကိုးကွယ်ထားသည့် လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးသည် ကြည်ညိုဖွယ်ရာ ကောင်းလှပေသည်။


လျောင်းတော်မူဘုရားများ၌ အကြီးဆုံးစာရင်းဝင်ဖြစ်၍ သတ္တမမြောက် အကြီးဆုံးဘုရားတစ်ဆူဖြစ်ပြီး မြိတ်မြို့တစ်ဖက်ကမ်း၊ ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာ၊ ပထက်တောင်ကမ်းခြေတွင်  မြန်မာနိုင်ငံ၏ ပထမဆုံး ခေါင်းပွ သံကူကွန်ကရစ် နည်းပညာဖြင့် မြေပြန့်လွင်ပြင်နှင့် ကုန်းတွင်းပိုင်းတွင်သာ တည်ထားကိုးကွယ်မှုများပြားသည့် လျောင်းတော်မူဘုရားကို တောင်ခြေရေကမ်းစပ် ကျွန်းတစ်ကျွန်းပေါ်တွင် ထူးခြားစွာတည်ထား ကိုးကွယ်ထားသည့် တစ်ဆူတည်းသော အတုလရံသီ ရွှေသာလျောင်းဘုရားကြီး ဖြစ်သည်။  


အတုလရံသီ ရွှေသာလျောင်းဘုရားကြီးကို (၁၉၅၅) ခုနှစ်၌ တောကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဒုမ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြိတ်ခရိုင်ဝန် ဝဏ္ဏကျော်ထင် ဦးမြခင်နှင့် မြိတ်မြို့ရှိ မြို့မိမြို့ဖများက ပထက်တောင်ကမ်းခြေတွင် လျောင်းတော်မူဘုရား တည်ဆောက်ရန် အုတ်မြစ်ချခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ခေါင်းပွသံကူကွန်ကရစ် နည်းပညာဖြင့် ပန်းချီ၊ ပန်းပု၊ ပန်းရံ ဆရာကြီး ဦးသောင်းက စတင်တည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

 

1


လျောင်းတော်မူဘုရား၏ ဉာဏ်တော်အလျားမှာ (၂၁၆) ပေ၊ အမြင့်မှာ (၅၇) ပေရှိကာ ပလ္လင်တော် အလျားမှာ (၂၂၅) ပေရှိ၍ ဘုရားကြီး၏ အတွင်းပိုင်းရှိ အခန်းပေါင်း (၁၄) ခန်းတွင် ဌာပနာဘုရားဆင်းထုတော်အပြင် အခန်းတိုင်း၌ မုဒြာအမျိုးမျိုး ဆင်းထုတော်များ၊ နံရံများတွင်လည်း ဘုရားရုပ်ပွားတော်များကို စီကာရီကာ နံရံကပ် တပ်ဆင်ပူဇော်ထားရှိပြီး ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်ပန်းချီဖြင့် တည်ထားကိုးကွယ်ထားရှိသည်။


အတုလရံသီ ရွှေသာလျောင်းဘုရားကြီးသည် မြိတ်မြို့၏ ကျက်သရေဆောင် ဘုရားကြီးတစ်ဆူဖြစ်ပြီး စေတနာရှင် အလှူရှင်များ လှူဒါန်းမှုများဖြင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များက လက်ဆက်ကမ်းထိန်းသိမ်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြ၍ (၂၀၁၇) ခုနှစ် နှစ်ကုန်ပိုင်းတွင် လျောင်းတော်မူဘုရားကြီး ဘက်စုံပြုပြင် မွန်းမံတည်ဆောက်ရေး ကော်မတီဖွဲ့စည်းပြီး စေတနာရှင် အလှူရှင် (၂၀ဝ) ဦးခန့် လှူဒါန်းငွေ ကျပ်သိန်းပေါင်း (၁၅၀ဝဝ)ကျော်ဖြင့် ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


အတုလရံသီ ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီးကို ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများသည်  ကွန်ကရစ်ဆိပ်ခံတံတားဖြင့် အန္တရာယ်ကင်းရှင်းစွာ တက်ဆင်းနိုင်ပြီး လျောင်းတော်မူဘုရားကြီးအား အာရုံခံတန်ဆောင်းတွင် စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ပြီဖြစ်သည်။ ၎င်းအပြင် ဘုရားဖူးလာရောက်ကြသည့် သံဃာတော်များ နားနေဆောင်တွင် နားနေပြီး ဘုရားကြီးအား ကြည်ညို သဒ္ဒါပွားများနိုင်သည်။


ဘုရားကြီးပရဝုဏ်ရှိ ရေကာတံတိုင်းများ၊ တံတားများ၊ တောင်နံရံကာ တံတိုင်းများ ပြုပြင်မွမ်းမံ တည်ဆောက်ထားရှိရာ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ပြီး ဘုရားဖူးများ အပန်းဖြေနားနေနိုင်ရန် မြက်ခင်းပြင်များ၊ နားနေဆောင်များလည်း ပြုပြင်မွမ်းမံ တည်ဆောက်ထားရှိရာ စိတ်အေးချမ်းသာစွာ အနားယူရင်း လျောင်းတော်မူဘုရားကြီးအား ဖူးမျှော်ကြည်ညိုနိုင်ပေသည်။

 

1


အတုလရံသီ ရွှေသာလျောင်းဘုရားသည် မြိတ်မြို့တဖက်ကမ်းတွင် တည်ရှိရာ မြိတ်ဆိပ်ကမ်းမှ ဘုရားကြီး ဆိပ်ခံတံတားသို့ စက်တပ်လှေငယ်များ၊ Speed Boat များ၊ ရေယာဉ်များဖြင့် သွားရောက်ဖူးမျှော် ကြည်ညိုနိုင်သည်။ ဘုရားဖူးပြည်သူများအတွက် အခမဲ့ဘုရားဖူးရေယာဉ်တစ်စီးကို ပြည်ဖြိုးထွန်းကုမ္ပဏီမှ စီစဉ်ထားရှိပြီး ဘုရားဖူးများအား ပို့ဆောင်ပေးလျက်ရှိသည်။


လျောင်းတော်မူဘုရားကို လာရောက်ဖူးမျှော်ကြည်ညိုသူ ယခင်ကထက် ပိုမိုများပြားလာကြပြီး အနယ်နယ်အရပ်ရပ်မှ မြိတ်မြို့သို့ ကျွန်းအပန်းဖြေခရီး သွားရောက်ရန် လာရောက်ကြသည့် ခရီးသွားဧည့်သည်များသည်လည်း ကျွန်းအပန်းဖြေခရီး အပြန်တွင် လျောင်းတော်မူဘုရားသို့ ဝင်ရောက်ဖူးမြော်လျက်ရှိကြသည်။ 


အတုလရံသီ ရွှေသာလျောင်းဘုရားကြီး၏ ကြည်ညိုဖွယ်ရာ ကောင်းလှသော ပထက်တောင် တောင်ခြေရေကမ်းစပ်တွင်  ထူးခြားစွာ တည်ထားကိုးကွယ်ထားသည့်   လျောင်းတော်မူ ဘုရားကြီးကို ခရီးသွားရင်း ကုသိုလ်ယူ ကြည်ညိုသဒ္ဒါ ပွားများနိုင်စေရန်နှင့် ဘုရားကြီး၏ အတွင်းပိုင်း ဌာပနာ ဘုရားဆင်းထုတော်အပြင် အခန်းပေါင်း (၁၄) ခန်းရှိ အခန်းတိုင်း၌ မုဒြာအမျိုးမျိုး ဆင်းထုတော်များ၊ နံရံများတွင်လည်း ခန်းလုံးပြည့် နံရံကပ် တပ်ဆင်ပူဇော်ထားသည့် ဘုရားရုပ်ပွားတော်များကို ဖူးမြော်ကြည်ညိုနိုင်ရန် မြိတ်မြို့တစ်ဖက်ကမ်းရှိ     လျောင်းတော်မူ ဘုရားကြီးဆီ အရောက်လှမ်းလာခဲ့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ 

  
ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

1