မြိတ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ တောင်သူ ဦးချမ်းအေးလယ်တွင် ကျင်းပသည့် စပါးသီးနှံ၌ ကျရောက်သော ဖျက်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းရေး ကွင်းသရုပ်ပြပွဲ၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင်တောင်သူများအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသဝမ်းစာဖူလုံရေး ဆောင်ရွက်သည့်နေရာတွင် မြေဧရိယာချဲ့ထွင်ရန် အကန့်အသတ်ရှိသောကြောင့် သီးနှံ(၁)ဧက အထွက်နှုန်း တိုးတက်ရေးကို အလေးထားဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ မြိတ်မြို့နယ်၌ ယခင်နှစ် နွေစပါး ၁၅၈ ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် နွေစပါး ၂၉၇ ဧကခန့်နှင့် မတ်ပဲ ဧက ၂၀ ခန့်အထိ ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်ပြီဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ဧကများစွာ ပိုမိုတိုးချဲ့ စိုက်ပျိုးကြစေလိုကြောင်း” ပြောကြားသည်။ ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ကွင်းသရုပ်ပြပွဲ၊ ယူရီးယား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်မှု၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးကျော်သူက နွေစပါးရေရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား အကျိုးဆောင်တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ စပါးသီးနှံတွင် ကျရောက်သော ဖျက်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းရေး ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လာမည့်မိုးရာသီ၌ အထွက်နှုန်းကောင်းသည့် GW-11 မျိုးစပါးကို ဧက ၅၀၀၀ ခန့် ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ ထပ်မံ၍ မျိုးစေ့ထုတ် လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရန်အတွက်လည်း မျိုးစေ့သန့်စင်စက်များကို ထားဝယ်ခရိုင်တွင် တစ်လုံး၊ မြိတ်ခရိုင်တွင် တစ်လုံး မှာယူထားပြီး မကြာခင်ကာလအတွင်း တပ်ဆင်အသုံးချ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ တိုင်းအတွင်း၌ ကော်ဖီ ၂၆၇၄ ဧကနှင့် ကိုကိုး ဧက ၂၅၀ ကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ခရိုင်/ မြို့နယ်များ၌ စုစုပေါင်း ကော်ဖီပင် ၁၁၄၈၀၀၀ နှင့် ကိုကိုး ပင် ၁ သိန်း စနစ်တကျ ပျိုးထောင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကွမ်းသီးခြံနှင့် ရော်ဘာခြံများတွင် သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက် ခြံရှင်များအား ကော်ဖီပျိုးပင်နှင့် ကိုကိုးပျိုးပင်များကို အခမဲ့ထောက်ပံ့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမုတ်ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိကြရာ စိုက်ပျိုး/မွေးမြူရေး ကျောင်းသား ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှု၊ ကျောင်းသား ကျောင်းသူများ စိုက်ပျိုးထားသည့် စိုက်ခင်းနှင့် မွေးမြူရေးခြံတွင် ဝက်နှင့်ဆိတ် မွေးမြူဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ကျောင်းသားအိပ်ဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွန်းများအတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းကြရန် လမ်းညွှန်မှာကြားသည်။ ထိုနောက် ကျောင်းအုပ်ဆရာမကြီးက စိုက်ပျိုးရေး မွေးမြူရေး အထက်တန်းကျောင်း၏ လိုအပ်ချက်များကိုတင်ပြရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)