ရန်ကုန် ဇွန် ၁၅
ပြည်တွင်းဈေးကွက်၌ ယွန်းဆွဲကြိုး၊ ယွန်းနားဆွဲနှင့် ယွန်းလက်ကိုင်ပိုက်ဆံအိတ်များအပေါ် လူငယ်များ၏ဖက်ရှင်ဆိုင်ရာ စိတ်ဝင်စားမှုမြင့်တက်လာကြောင်း Bagan House Lacquerware မှ သိရသည်။
“အခုလက်ရှိမှာတော့ ယွန်းထည်က ပြည်တွင်းဈေးကွက်မှာဆိုရင် ယွန်းဆွဲကြိုး၊ လက်ကိုင်အိတ်၊ နားဆွဲ အစရှိသည့် ဖက်ရှင်နဲ့ပတ်သက်တဲ့ လူငယ်တွေအကြိုက် အသုံးအဆောင်ပစ္စည်းတွေ စိတ်ဝင်စားမှုများနေတယ်။ ပိုရောင်းရပါတယ်။ ဒီအတွက်လည်း လူငယ်တွေ မြန်မာ့ယွန်းကို ထိန်းသိမ်းတဲ့စိတ်နဲ့ ဝယ်ယူအားပေးကြတာ၊ လေ့လာကြတာတွေရှိတဲ့အတွက်လည်း ဝမ်းသာရပါတယ်” ဟု Bagan House ယွန်းလုပ်ငန်း၏ ပဲ့ကိုင်ရှင်ထံမှ သိရသည်။
Bagan House ယွန်းလုပ်ငန်းကို ၁၉၃၉ ခုနှစ်ကပင် စတင်လုပ်ကိုင်ခဲ့ရာ ၎င်းအနေဖြင့် စတုတ္ထမြောက် မျိုးဆက်အဖြစ် ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်း၏ ဘိုး၊ ဘေး လက်ထက်တွင် ယွန်းဆွမ်းအုပ်၊ ယွန်းထမင်းချိုင့်၊ ယွန်းကွမ်းအစ်၊ ယွန်းပန်းအိုး၊ ယွန်းဒေါင်းလန်းမျိုးစုံကိုသာ အများဆုံးပြုလုပ်ခဲ့ကြသော်လည်း ၎င်းလက်ထက်တွင် ယွန်းပိုက်ဆံအိတ်၊ ယွန်းဆွဲကြိုး၊ ယွန်းလည်တုံ၊ ယွန်းလက်ပတ်၊ ယွန်းနားကပ်၊ ယွန်းလက်စွပ်၊ ယွန်းဆံထိုးများနှင့် ယွန်းယပ်တောင် အစရှိသဖြင့် ခေတ်နှင့်အညီ ဈေးကွက်အရ ပြုပြင်ပြောင်းလဲပြီး ဒီဇိုင်းများပြုလုပ်ထားကြောင်း သိရသည်။
MT


