ဖလမ်း ၁၄ ဇူလိုင်
တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲသော ချင်းပြည်နယ် ဒေသ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန်(ဖလမ်း) လေယာဉ် ကွင်းသစ်ကို တည်ဆောက်လျက်ရှိရာ ယခုအခါတည်ဆောက်မှုမှာ ၅၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
"ကျွန်တော်တို့ ချင်းပြည်နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ဖို့ မြေနေရာရှာဖွေခဲ့တဲ့နေရာမှာ တီးတိန်မြို့နယ် ဆိုင်းဇန်ရွာအနီး၊ ဟားခါးမြို့အနီး၊ ဖလမ်းမြို့နယ် ဆူရ်ဘုန်တောင်ကြောနဲ့ လိုင်ဗား ရေလှောင်တမံအနီး စသဖြင့် လေးနေရာ ရွေးချယ်ခဲ့ပါတယ်။ ဒီလိုရွေးချယ်တဲ့ခါမှာ ကွင်းဆင်း လေ့လာ ခြင်းနဲ့ တိုင်းတာခြင်းတွေ လုပ်တော့ ဆူရ်ဘုန်တောင်ကြောက အကောင်းဆုံးဖြစ်လို့ ဖလမ်းလေယာဉ် ကွင်းအဖြစ် တည် ဆောက်ဖို့ ရွေးချယ် ခဲ့ပါတယ်။
ဖလမ်းလေယာဉ်ကွင်း စီမံကိန်းကို ၂၀၁၆ ခုနှစ် ဧပြီလအတွင်းမှာ စတင် တည်ဆောက်ခဲ့ပါတယ်။ အခု သတ်မှတ်ထားတဲ့ လေယာဉ်ပြေးလမ်း ပေ ၆၀ဝ၀ မှာ ပေ ၄၀ဝ၀ ပြီးစီးနေပြီ ဖြစ်ပါတယ်။ ရာခိုင်နှုန်း အားဖြင့် ပြောရမယ်ဆိုရင် တည်ဆောက်မှုလုပ်ငန်းက ၅၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ပါတယ်။ ဖလမ်းလေဆိပ်ပြီးစီးသွားရင် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွား လာရေးလုပ်ငန်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်လို့ ကျေးလက်နေ ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သလို နိုင်ငံတော်ရဲ့ လူမှုစီးပွားတိုးတက်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခြင်း၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ဒေသဖွံ့ဖြိုး တိုးတက်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်”ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။
ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်အလယ်ပိုင်းတွင်တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန်စသည့် ချင်းပြည်နယ်အတွင်းရှိ မြို့များမှ ဒေသခံပြည်သူများအနေဖြင့် ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လေဆိပ်များသို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်ကွင်းမရှိသည့် ချင်းပြည်နယ်တွင် ယခုတည်ဆောက် လျက်ရှိ သည့် ဆူရ်ဘုန်(ဖလမ်း) လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်လေကြောင်း ဝင်ပေါက်(Gateway of Chin State)အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် ချင်းပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့သို့ လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖလမ်းလေယာဉ်ကွင်းသစ်သည် အလျား ပေ ၆၀ဝ၀၊ အကျယ် ပေ ၁၀ဝ၊ လေယာဉ်ပြေးလမ်းအမျိုးအစား Flexible Pavement ဖြစ်ပြီး လေဆိပ်စီမံကိန်းအား ၂၀၂၀ ခုနှစ်တွင် ပထမအဆင့်အနေဖြင့် ပြီးစီးရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းနှစ်တွင်ပင် ATR-72 လေယာဉ်များ စတင်ဆင်းသက် အသုံးပြုနိုင်ရန် လျာထားကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ လေယာဉ်ကွင်း ၆၉ ကွင်းရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုအား အသုံးပြုလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံအာကာစိုး


