ဖလမ်း ၂၆ အောက်တိုဘာ

 

ချင်းရိုးရာနှစ်သစ်ကူးပွဲတော် (ကောက်သစ်စားပွဲ) ကို ရိုးရာအစဉ်အလာမပျက် ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်သည် ချင်းလူမျိုးများ နေထိုင်သော ရပ်ရွာဒေသများအလိုက် ကိုယ်စီကိုယ်စီ ကျင်းပပြီး ဒေသအလိုက် အခေါ်အဝေါ်များ ကွဲပြားကြသော်လည်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် အတူတူပင်ဖြစ်သည်။ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် တောင်ယာစိုက်ပျိုးသီးနှံ ရိတ်သိမ်းပြီးစီးသည့် အောက်တိုဘာလ သီးတင်းကျွတ်လပြည့်နေ့ကို အခြေခံပြီး ၃ ရက်တိုင်တိုင် ကျင်းပကြသည်။

 

ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ တစ်နှစ်တာကာလအတွင်း ရောဂါဘယများကြားမှ အသက်ရှင် ကျန်းမာခွင့်ပေးပြီး တောင်ယာလုပ်ကိုင်နိုင်သည့်အခွင့်၊ စိုက်ပျိုးသီးနှံများ ကောင်းမွန်ပြီး ကောက်ပဲသီးနှံများ အချိန်တန် ရိတ်သိမ်းနိုင်ခွင့်၊ အိမ်မွေးတိရစ္ဆာန်များ တိုးပွားရှင်သန်ခွင့်၊ မိသားစုအတွင်း သားသမီးထွန်းကားခွင့် အသီးသီးကို ကောင်းချီးပေး သနားတော်မူသော ဘုရားသခင်ထံ ကျေးဇူးဆပ် ပူဇော်ပသခြင်းပင်ဖြစ်သည်။

 

 

ရှေးယခင် ဘိုးဘွားတို့သည် ပွဲတော်မကျင်းပခင် ရပ်ရွာအတွင်း မိမိနေအိမ် အနီးအနား ပတ်ဝန်းကျင်ကို သန့်ရှင်းရေး ပြုလုပ်ကြပြီး ပွဲတော်ကို ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိသည်။ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် မျိုးနွယ်စုအလိုက် အခေါ်အဝေါ်ကွဲပြားပြီး ဖလမ်းမြို့နယ်အတွင်း နေထိုင်ကြသည့် မျိုးနွယ်စုများက ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို Fang Er (ဖန်းအဲရ် )၊ Dawng Pui (ဒေါင်းပွီး)၊ Dawng Sawm(ဒေါင်းဆောမ်)၊ Thar Can (ထာရ်ကျာန်)၊ Tho (ထို)၊ Lo Hawt (လိုဟော့)၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တွင် နေထိုင်ကြသည့် မျိုးနွယ်စုများက Khua Do (ခွါဒို)၊ မတူပီမြို့နယ်တွင် နေထိုင်ကြသည့် မျိုးနွယ်စုများက Khaw Nu (ခေါ်နူး)၊ ကန်ပလက် နှင့် မင်းတပ်မြို့နယ်တွင် နေထိုင်ကြသည့် မျိုးနွယ်စုများက Kum Ci(ကုမ်စီ)၊ Kup Thai(ကုပ်ထိုင်း)၊ Tham Kai(ထမ်ကိုင်း)၊ ပလက်ဝမြို့နယ်တွင် နေထိုင်ကြသည့် မျိုးနွယ်စုများ က Ta Ai Sa (သာအိုင်စာ)၊ ဟားခါးနှင့် ထန်တလန်မြို့နယ်များတွင် နေထိုင်ကြသည့် မျိုးနွယ်စုများက Tho(ထို) နေရာဒေသ မျိုးနွယ်စုအလိုက် အခေါ်အဝေါ် ကွဲပြားသလို မျိုးနွယ်စုအလိုက် ပွဲတော်ကျင်းပပုံ၊ ကျင်းပနည်း၊ ပွဲတော်ကျင်းပချိန်၊ ကျင်းပသည့်ကာလ အနည်းနဲ့ အများကွဲပြားကြသည်။

 

ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် (ကောက်သစ်စားပွဲ) အခမ်းအနားတွင် သဘာပတိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အမှာစကားပြောကြားပြီး ဖလမ်းမြို့ မြို့မိမြို့ဖ ဒုဥက္ကဋ္ဌ ဦးယုန်ဘွဲ့ပုမ်က ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်အကြောင်း ပြောကြားသည်။

 

ထို့နောက် ဖလမ်းမြို့ရှိ လူငယ်များက ချင်းရိုးရာ အကအလှဖြင့် လည်းကောင်း၊ ရိုးရာဝတ်စုံ အလှပြသခြင်းဖြင့် လည်းကောင်း၊ တေးသီချင်းများဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

ဂျွန်