ဖလမ်း ဩဂုတ် ၇
ချင်းပြည်နယ်၊ ဖလမ်းမြို့ ဟားခါး - ဖလမ်း - ကလေးသွား လမ်းပေါ်ရှိ မြို့တွင်းလမ်း အပေါ်ဘက်ပိုင်းတွင် ဩဂုတ် ၆ ရက်က မြေပြိုကျမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဟားခါး - ဖလမ်း - ကလေးသွားလမ်း မြို့တွင်းလမ်း ကျင်မွာလ်ရပ်ကွက်၊ မိုင်တိုင်အမှတ် ၈၀/၂ နှင့် ၈၀/၃ ကြား၊ တလန်လိုရပ်ကွက် မိုင်တိုင်အမှတ် ၈၂/ဝ နှင့် ၈၂/၁ ကြား ကားလမ်းမ အပေါ်ဘက်ပိုင်း မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် လမ်းဦးစီးဌာနက JCB စက်ဖြင့် အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခဲ့သည်။
မြေပြိုကျမှုနေရာသို့ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့် အဖွဲ့ဝင်များက မြေပြိုကျဖြစ်ပွားမှု အခြေအနေနှင့် မြေစာရှင်းလင်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ မြေပြိုကျမှုကြောင့် လူနေအိမ်များ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ဖလမ်းမြို့နယ်တွင် မိုးရာသီကာလ၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် မြေပြိုခြင်း၊ သစ်ပင်များလဲကျခြင်းတို့ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဖလမ်းခရိုင်(ပြန်/ဆက်)


