ဖလမ်း ၁၀ ဇူလိုင်
ဖလမ်းမြို့နယ်အတွင်း စိုက်ပျိုးထားသော ဝဥများတွင် ရောဂါပိုးကျရောက်ခြင်းမရှိကြောင်း မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနရုံးမှသိရသည်။
ဝဥစိုက်တောင်သူ ဦးမိဇအဲင်အာက "ကျွန်တော့်မွေးဇာတိဖြစ်တဲ့ ဆူရ်ဘုန်ရွာမှာ စိုက်တဲ့ဟာနဲ့ ဖလမ်းမြို့ပေါ်မှာ စိုက်တဲ့ဟာနဲ့ဆိုရင် တစ်ဧကကျော်ကျော်လောက်ရှိတယ်။ ကျွန်တော် မနှစ်က စိုက်တဲ့ဟာနဲ့ ဒီနှစ်ထိ ပိုးကဘာမှ အနှောက်ယှက်ပေးတာမရှိသေးပါဘူး။ ပိုးလည်း မကျသေးပါဘူးလို့ ကျွန်တော် ယူဆပါ တယ်" လို့ပြောသည်။
ဝဥတွင် ရောဂါပိုးများကျရောက်ပါက ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနတွင် စုံစမ်းမေးမြန်းကြ ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရောဂါပိုးတွေ ကျရောက်လာခဲ့လို့ရှိရင် တွေ့ခဲ့လို့ရှိရင် စိုက်ပျိုးရေးဦးစီးဌာနမှာ အကူအညီတောင်းပါ။ ကျွန်တော်တို့တွေလည်းရှိပါတယ်။ ပြီးရင် တစ်ပင်နှစ်ပင်ပဲ စားဖြစ်တယ်ဆိုရင်တော့ အဲဒီတစ်ပင်နှစ်ပင်ကို မနှမြောပါနဲ့။ ထောင်ချီတဲ့အပင်ကိုနှမြောပါ။ တူးဖော်လိုက်ပြီးတော့မှ စိုက်ခင်းနဲ့ဝေးတဲ့ နေရာမှာ ဖျက်ဆီးပေးပါ။ ပြီးရင် တော်တော်လေး ဖြစ်ပြီလို့ခင်ဗျားတို့ ထင်မြင်ယူဆ တယ်ဆိုရင် မှိုသတ်ဆေး ပိုးသတ်ဆေးကို လာပြီးမှစုံစမ်းပါ။ အကြမ်းဖျင်းပြောလို့ရှိရင် ကော်ပါးများများပါတဲ့ မှိုသတ်ဆေးတွေကို အသုံးပြုခြင်းအားဖြင့် ကာကွယ်နှိမ်နင်းလို့ရပါတယ်လို့" ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဦးမင်းနိုင် က ပြောသည်။
ဖလမ်းမြို့နယ်အတွင်း စိုက်ပျိုးထားသော ဝဥများတွင် ရောဂါပိုးကျရောက်ခြင်းမရှိဘဲ တောင်သူ တွေအနေနဲ့ ပို့သတ်ဆေးလာရောက် စုံစမ်းမေးမြန်းခြင်းမရှိကြောင်း စိုက်ပျိုးရေးဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။
ခရိုင်(ပြန်/ ဆက်)


