ဖလမ်း ၆ သြဂုတ်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဇူလိုင်လ ၂၅ ရက်နေ့က စတင်ကာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ကပ်ထားပြီး မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ (၂၀၀၀၀) ကျော်ရှိကြောင်း သိရသည်။

 

"ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၅ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူဦးရေ နှစ်သောင်းဝန်းကျင်ရှိပြီးတော့ ပုံစံ(၃)နှင့် အမည်စာရင်းတောင်းဆိုတာဆိုရင် (၄၄၂) ဦး ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာတင်သွင်းတာက (၁၄၉) ဦး၊ ပုံစံ(၄)(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းတာက (၃၈၁)ဦး ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ ဖလမ်းမြို့နယ်မှာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူဟာ (၅၀)ရာခိုင်နှုန်းရှိပါတယ်"လို့ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်ရေးမှူး ဦးမင်းခန့်က ပြောသည်။

 

ဖလမ်းမြို့နယ်အတွင်း မသန်စွမ်းမဲဆန္ဒရှင်တွေအတွက် မဲပေးနိုင်ရေး ဖလမ်းမြို့နယ်တွင် မသန်စွမ်းစံပြုမဲရုံ (၂)ရုံ သတ်မှတ်ထားကြောင်း အတွင်းရေးမှူးက ဆက်ပြောသည်။

 

"မသန်စွမ်းအနေနဲ့ မဲပေးပိုင်ခွင့် ရှိပါတယ်။ သူတို့ကလဲ သာမာန်လူတွေလိုဘဲ မဲပေးပိုင်ခွင့်ရှိပါတယ်။ မဲရုံကိုမလာရောက်နိုင်တဲ့သူတွေကို ကြိုတင်စာရင်းကောက်ယူသွားမှာဖြစ်ပြီးတော့ ကြိုတင်မဲပေးနိုင်ရေး စီစဉ်ပေးမှာဖြစ်ပါတယ်။ ဒီအတွက် ရည်ရွယ်ပြီးတော့လည်း ဖလမ်းမြို့နယ်အနေနဲ့ မသန်စွမ်းစံပြုမဲရုံနှစ်ရုံ  သတ်မှတ်ထားပါတယ်။ ဖလမ်းမြို့နယ်မှာဆိုရင် မသန်စွမ်းဦးရေ ဟာ ၂၀၀ ကျော် ၃၀၀ ဝန်းကျင်ရှိပါတယ်။ ကိုယ်အင်္ဂါ မသန်စွမ်း (၃၀)ကျော်၊ အပြောအဆို မသန်စွမ်း (၁၈၀) ဝန်းကျင်၊ အကြားအာရုံ မသန်စွမ်း (၇၀) ဝန်းကျင်၊ အမြင်အာရုံ မသန်စွမ်း (၂၀) ဝန်းကျင်လောက်ရှိပါတယ်" ဟု ၎င်းက ပြောသည်။

 

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေထွေရွေးကောက်ပွဲအတွက် ဖလမ်းမြို့နယ်အတွင်း ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့ အပါအဝင် မဲရုံ(၁၆၉)ရုံ ထားရှိမည်ဖြစ်ကာ ပထမအကြိမ် မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ (၃၉၂၈၀)ဦး နှင့် မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ (၂၀၀) ကျော်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)