နေပြည်တော် ဇူလိုင် ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခုတင် (၂၀၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
အားပေးစကားပြောကြား
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ ပါဝင်သည့် စုပေါင်းအင်အား ၃၅၂ ဦး ဖြင့် ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဒေါက်တာနီခွဲ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ ယာရှိ ချုံနွယ်ပိတ်ပေါင်းများ၊ ခရိုင်/ မြို့နယ်ရုံး ပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံ၊ သူနာပြုသင်တန်းကျောင်း ပတ်ဝန်းကျင်တို့ကို တက်ညီ လက်ညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး နံနက်စာ စားသောက်ဖွယ်ရာများ ကျွေးမွေးကာ တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ဆောင်ရွက်လျက်ရှိ
ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက်အအုံများကို ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော်များ၊ မြို့မိမြို့ဖများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခုတင် (၂၀၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း လူအား၊ စက်အားများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အဆောက်အအုံ အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဖျက်သိမ်းရမည့် အဆောက်အအုံများမှ ပြန်လည်အသုံးပြုနိုင်သော ဆယ်တင်ပစ္စည်းများဖြစ်သည့် သွပ်များ၊ သစ်သား များ၊ သံပန်း၊ သံတံခါးများ၊ တံခါး ပြတင်းရွက်များ၊ ကျည်းပေါင်များ၊ ရေသန့်နှင့် လျှပ်စစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရှိရန် လမ်းညွှန်မှာကြားသည်။
ဖလမ်းမြို့တွင် ယာယီပြည်သူ့ ဆေးရုံဖွင့်လှစ်၍ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း ၈၄ ဦး ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာ ၁၅၅၄ ဦးအား ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ပေါ်ရှိ ဒေသခံများသာမက ကျေးရွာများမှ ဒေသခံပြည်သူများပါ လာရောက်ဆေးကုသမှုခံယူလျက်ရှိသည်။ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၂၈၅ ဦးဖြင့် လူနာ ၁၄၁၂၄ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး နိုင်ငံတော်မှ ပံ့ပိုးသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


