ဖလမ်း၌ အလုပ်လျှောက်လွှာရေးသားနည်း၊ အင်တာဗျူးဖြေဆိုနည်းနှင့် PROPOSAL ရေးသားနည်းများဆိုင်ရာ သင်တန်းဖွင့်

 

ဖလမ်း ၅ သြဂုတ်

 

ချင်းပြည်နယ်၊ ဖလမ်းမြို့လူငယ်အဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် အလုပ်လျှောက်လွှာရေးသားနည်း၊ အင်တာဗျူးဖြေဆိုနည်းနှင့် Proposal ရေးသားနည်းများဆိုင်ရာ သင်တန်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ကျင်းပသည်။

 

သင်တန်းတွင် ချင်း လူ့အခွင့်အရေး အဖွဲ့အစည်း(တွဲလက် ပရောဂျက်) စီမံနှင့်လူသားအရင်းအမြစ် (တာဝန်ခံ) ဆလိုင်းညီညီအောင်က အလုပ်လျှောက်လွှာရေးသားရာတွင် သိရှိလိုက်နာသင့်သည့် အချက်များ၊ သတိပြုရမည့်အချက်များ၊ ဖော်ပြပါရှိသင့်သည့် အချက်များကိုလည်းကောင်း၊ CHINLAND HERALD DAILY NEWS Editor ဆလိုင်းငယ်ပီး ထီယံအုပ်ထန်းက အင်တာဗျူးဖြေဆိုရာတွင် လိုတိုရှင်းဖြေဆိုနိုင်ရေး ကြိုတင် လုပ်ဆောင်ရမည့်အချက်များ၊ Proposal ရေးသားနည်းများကိုလည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။

 

“ လူငယ်များ အလုပ်လျှောက်တဲ့အခါ အလုပ်လျှောက်လွှာကို ကောင်းမွန်စွာရေးသားနိုင်ပြီး အလုပ်ကောင်း များရရှိနိုင်ဖို့၊ အင်တာဗျူးကို ကောင်းမွန်စွာဖြေဆိုနိုင်ဖို့၊ မိမိဒေသအတွက် Proposal တင်ပြီး ပရဟိတလုပ်ငန်းလုပ် ချင်တဲ့သူတွေက Proposal ရေးသားနည်းကို ကောင်းမွန်စွာနည်းလည်ပြီး မိမိဒေသတွက် အကျိုးပြုသော ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့ “ စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဖလမ်းမြို့လူငယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ဖလမ်းမြို့ပေါ်(၄)ရပ်ကွက်မှလူငယ်(၄၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁)ရက်ကြမြင့်ကြောင်းသိရသည်။

 

ခရိုင်ပြန်/ဆက်