ပြုံယမ်း ၁၄ မေ
အမေရိကန်က ဖမ်းဆီးထားသည့်မြောက်ကိုရီးယား ကုန်တင်သင်္ဘောအား ပြန်လည်လွှတ်ပေးရန် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့ပြီး ယင်းသို့ဖမ်းဆီးခြင်းသည် နှစ်နိုင်ငံထိပ်သီး အစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်များကို ချိုးဖောက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ရှုတ်ချဝေဖန် ပြောကြားခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
အမေရိကန်အနေဖြင့် ပြုံယမ်း၏ ကုန်တင်သင်္ဘော Wise Honest အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဖြေရှင်းချက်များကို ဖောက်ဖျက်ခဲ့သည့်အတွက် ဖမ်းဆီးခြင်းဖြစ်သည်ဟု တရားရေးဌာနက မေ ၉ ရက်တွင် ကြေညာခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြုံယမ်းအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများသည် မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဖောက်ဖျက်ရာရောက်သည်ဟု ပြောကြားခဲ့ပြီး ဖမ်းဆီးထားသော ကုန်တင်သင်္ဘောအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။
ထို့ပြင် ယခုကဲ့သို့ အမေရိကန်အစိုးရအနေဖြင့် ပြုံယမ်းကုန်တင်သင်္ဘောအား ဖမ်းဆီးထားခြင်းသည် အမေရိကန်က ပြုံယမ်းအပေါ် ကျင့်သုံးလျက်ရှိသည့် ဖိအားပေးမှုနည်းလမ်းများအနက် တစ်ခုဖြစ်ပြီး ယင်းလုပ်ရပ်သည် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရန် ထူထောင်ကြမည့် ခေါင်းဆောင်နှစ်ဦး၏ သဘောတူညီချက်များကို ဖောက်ဖျက်ရာ ရောက်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
ပြုံယမ်းက ၎င်း၏ နျူကလီးယား လက်နက်အစီအစဉ်များကို အပြီးတိုင် စွန့်ပယ်သည့်တိုင် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်မဟုတ်ဟု အတိအလင်းပြောကြားခဲ့သည်။ ယခုလအတွင်း မြောက်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဖြေရှင်းချက်များကို ဖောက်ဖျက်ကာ တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ