ဟယ်စင်ကီ   ဇန်နဝါရီ   ၂၈

 

ဇန်နဝါရီ ၂၈ ရက်ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး ဖင်လန်နိုင်ငံသမ္မတ ရွေးကောက်ပွဲအတွက် မဲပေးခြင်းကိုစတင်ခဲ့သည်။ သက်တမ်းခြောက်နှစ်ထမ်းဆောင်မည့် သမ္မတတစ်ဦးကို ရွေးကောက်တင်မြှောက်ရန်အတွက် ဖင်လန်ပြည်သူများက ည ၈နာရီအထိ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဖင်လန်နိုင်ငံ၌ လက်ရှိသမ္မတ ဆော်လီနီနစ်စတိုနေရာကို ဆက်ခံရန် ကိုယ်စားလှယ်ကိုးဦး  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သမ္မတသက်တမ်း နှစ်ကြိမ်ထမ်းဆောင်ပြီးသည့် လက်ရှိသမ္မတက ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ပေ။ ဖင်လန်နိုင်ငံ၏ ဖွဲ့စည်းပုံအရ သမ္မတတစ်ဦးသည် သမ္မတသက်တမ်း ဆက်တိုက်နှစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်နိုငသည်။  အကယ်၍ ကိုယ်စားလှယ်လောင်းမှာ ပထမအကျော့တွင် မဲထက်ဝက်ကျော်မရရှိပါက ဒုတိယအကျော့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိပ်တန်းပြိုင်ပွဲဝင်နှစ်ဦးအကြား ကျင်းပမည်ဖြစ်သည်။

အမျိုးသားညွန့်ပေါင်းအဖွဲ့၏ သမ္မတလောင်း၊ ဝန်ကြီးချုပ်ဟောင်း အလက်ဇန္ဒြား စတပ်ဘ်၊ တစ်သီးပုဂ္ဂလ ဂရင်းကိုယ်စားလှယ်လောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပက်ကာဟာဗစ်စတိုတို့က နမူနာစစ်တမ်းများတွင် ဦးဆောင်နေကြောင်း သိရသည်။ ဝန်ကြီးချုပ်ဟောင်း စတပ်ဘ် က နိုဝင်ဘာလမှစကာ နမူနာစစ်တမ်းများတွင် ဦးဆောင်နေသော်လည်း Finns ပါတီ၏ ကိုယ်စားလှယ်လောင်းနှင့် ဖင်လန်လွှတ်တော်ဥက္ကဋ္ဌ ဂျက်ဆီဟယ်လာ-အဟိုက  မကြာသေးမီ သီတင်းပတ်များအတွင်း လူကြိုက်များလာခဲ့သည်။

ဖင်လန်နိုင်ငံ၌ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများကို စိစစ်ပြီး ရလဒ်များကို ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်တွင် သိရှိနိုင်ကြောင်း တရားရုံးက ထုတ်ပြန်ထားသည်။                        

ဆင်ဟွာ