ဖနွမ်ပင်ပို့စ် သတင်းစာကို ရောင်းချခဲ့ပြီး အယ်ဒီတာချုပ်လည်း အလုပ်မှ ထုတ်ခံရ

ဖနွမ်ပင်  ၈  မေ

ကမ္ဘောဒီးယားမှာ  အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာကို အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရင်းနှီးမြှပ်နှံသူ တစ်ဦးထံ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ဖနွမ်ပင်ပို့စ် သတင်းစာဟာ ကမ္ဘောဒီးယား အစိုးရကို ဝေဖန်ရေးသားတဲ့ သတင်းစာ တစ်စောင်ဖြစ်ပြီး မူလ သြစတေးလျ နိုင်ငံသားပိုင်ရှင်ကနေ မလေးရှား ရင်းနှီးမြှပ်နှံသူ တစ်ဦးထံကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဝယ်သူအသစ်ဟာ ပီအာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ တစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆင် အစိုးရအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်းစာ ရောင်းချမယ်ဆိုတဲ့ သတင်းကို စနေနေ့က ဝန်ထမ်းတွေက သတင်းပေး ပြောကြားခဲ့တာပါ။ အစိုးရအပေါ် ဝေဖန်ချက်တွေ ရေးသားတဲ့ သတင်းစာ အယ်ဒီတာချုပ်ကိုလည်း ခဏပိုင်းအတွင်း အလုပ်မှ ဖြုတ်ပစ်ခဲ့ကြောင်း သိရပါတယ်။

ဟွန်ဆင် အစိုးရကနေ လွတ်လပ်တဲ့ မီဒီယာတွေ၊ အတိုက်အခံ ပါတီတွေကို နှိမ်နင်းနေတဲ့ အချိန်နဲ့ သတင်းစာကို ရောင်းချခဲ့တဲ့ အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပါတယ်။

ကမ္ဘောဒီးယားမှာ ပြီးခဲ့တဲ့နှစ်က အတိုက်အခံ ပါတီကြီးရဲ့ ခေါင်းဆောင်ဖြစ်သူကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာ ပါတီကိုလည်း ဖိအားပေး ဖျက်သိမ်းစေခဲ့ပါတယ်။ အခြား အစိုးရအပေါ် ဝေဖန်ရေးသားနေတဲ့ သတင်းစာကိုလည်း အင်အားသုံး ပိတ်ပစ်စေခဲ့ပါတယ်။

ဟွန်ဆန်ဟာ ဇူလိုင်လ ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်မှာ အာဏာရရှိအောင် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ မတ်လအတွင်းက နိုင်ငံပေါင်း ၄၅ နိုင်ငံကနေ တောင်းဆိုထားခဲ့တာလည်း ရှိပါတယ်။

MDN
ကိုးကား-အင်န်အိတ်ချ်ကေ