၆ မေ
ဖန်နီဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မုန်တိုင်းကြောင့် သေဆုံးသူ ၄၂ ဦးအထိရှိလာကြောင်း မနေ့က ထုတ်ပြန်ပြောကြားပါတယ်။ မုန်းတိုင်းကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ သြရိဿမှာ သေဆုံးသူ ၂၉ ဦးရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၃ ဦးသေဆုံးကြောင်း နှစ်နိုင်ငံတာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။
လေတိုက်နှုန်း တစ်နာရီကို ၁၂၅ မိုင်နှုန်းနဲ့ သောကြာနေ့က အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းမှာ တိုက်ခတ်ခဲ့ပြီး မုန်းတိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးတည်သွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ၂၉ ဦးထဲမှ ၂၁ ဦးဟာ ဟန္ဒိူဘုရားဖူးမြို့ဖြစ်တဲ့ ပူရီမြို့က ဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းတွေ ပျက်စီးတဲ့အတွက် သေဆုံးသူတွေရဲ့ အမည်နာမ ထုတ်ပြန်ဖို့ အချိန်ယူရမှာဖြစ်ကြောင်း သြရိဿရဲ့ ကယ်ဆယ်ရေးအဖွဲ့က အကြီးအကဲက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထောင်ချီတဲ့ သစ်ပင်နဲ့ ဖုန်းလိုင်းတိုင်တွေလည်း ပြိုလဲကျတာမျိုး ရှိနေပါတယ်။ မုန်တိုင်းတိုက်ပြီး ၃ ရက်ကြာအထိ အိမ်တော်တော်များများမှာ လျှပ်စစ်မီး မရသေးတာကို တွေ့ရပါတယ်။ သြရိဿပြည်နယ်ဝန်ကြီးချုပ်က တချို့နေရာတွေကို ချက်ပြီးသား ထမင်းနဲ့ ဟင်း ၁၅ ရက်တိတိ ထောက်ပံသွားမယ်။ မုန်တိုင်းဒဏ်ခံရသူတွေအတွက် ဆန်နဲ့ ငွေ လိုအပ်နေကြောင်း ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ နွေရာသီတွင် တိုက်ခတ်တဲ့ ဆိုင်ကလုန်း ဖန်နီ မုန်တိုင်းဟာ ၄၃ နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ပြန်ပေါ်တာဖြစ်ပြီး၊ နှစ်ပေါင်း ၁၅၀ အတွင်းမှာ တတိယအကြိမ်မြောက် နွေရာသီဆိုင်ကလုန်းဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ ပုံမှန်ဆိုရင် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းမှာ တိုက်ခတ်လေ့ ရှိပါတယ်။

ကုလသမဂ္ဂနဲ့ ပညာရှင်တွေက အိန္ဒိယနိုင်ငံရဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းကို ပြင်ဆင်ပုံနဲ့ အသေအပျောက်အနည်းဆုံး ဖြစ်အောင် လုပ်နိုင်ပုံကို ကောင်းချီးပေးနေကြပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ခြင်းဟာ ခေတ်မီတဲ့ ကိရိယာပစ္စည်း၊ လူထုကိုအသိပေးနိုင်ပုံ၊ လူတွေကို ဘေးကင်းရာ ရွေ့ပေးနိုင်ရေးအတွက် စစ်တပ်နဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ တုန့်ပြန်ပုံတွေကြောင့်လို့ ဆိုရမှာပါ။

၁၉၉၉ ခုနှစ်က သြရိဿမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုန်းကြောင့် လူတစ်သောင်းနီးပါး သေဆုံးခဲ့ပါတယ်။
MDN
ကိုးကား - AFP
