ဒေလီ  ၁၃  မေ  

 

မေ  ၃  ရက်က    အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း၊ အဓိကအားဖြင့် ဩရိဿပြည်နယ်ရှိ ခရိုင် ၁၄ ခုစလုံးတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် “ဖန်နီ”အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၄၃ ဦးသေဆုံးပြီး  အိမ်ခြေ ၅၀ဝ၀ဝ ခန့် ဖျက်ဆီးခြင်းခံခဲ့ရသည်။

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဩရိဿပြည်နယ်အစိုးရက ပြောကြားသည်။

 

အိန္ဒိယအစိုးရသည် အစားအစာများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသည့် လေဘေးသင့်ပြည်သူများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို နဂိုမူလအတိုင်း အပြည့်အဝ ပြန်လည်ထူထောင်ရန်အချိန်  ၁၀  နှစ်ခန့် ယူရမည်ဖြစ်ကြောင်း၊ လေဘေးသင့်ပြည်သူများ၏ နေ့စဉ်ဘဝ ပုံမှန်ပြန်လည်ထူထောင်ရေးအတွက်  မိမိတို့အနေဖြင့်   ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ လေဘေးသင့်ဒေသများတွင် ဆက်သွယ်ရေးစနစ်များ ပြန်လည်တပ်ဆင်ခြင်း မရှိသေးသဖြင့် မုန်တိုင်းကြောင့်တိကျသော  ပျက်စီးဆုံးရှုံးမှုစာရင်းကို တိတိကျကျမရရ သေးကြောင်းစသည်ဖြင့် ဩရိဿပြည်နယ်ဆိုင်ရာ  အထူး ကူညီကယ်ဆယ်ရေးအဖွဲ့မှ  တာဝန်ရှိသူ  ဘစ်ရှ်နူပါဒါ ဆယ်သစ်ဒ်က ပြောကြားသည်။

 

အင်အားပြင်းထန်သည့် ဖန်နီမုန်တိုင်းသည် ဒေသတွင်း ပြည်သူ ၁၆ သန်းနေထိုင်ရာ ကျေးရွာပေါင်း ၁၈၁၆၈ ရွာတွင် တိုက်ခတ်မွှေနှောက်ခဲ့ခြင်းဖြစ်ရာ  ယင်းမုန်တိုင်းကြောင့် အိမ်မွေးတိရစ္ဆာန် ဆုံးရှုံးမှုမှာ    တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ  ၃  ဒသမ  ၇  သန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ကိုးရက်ကြာသည့်အထိပင်လျှင်  ဩရိဿပြည်နယ်၏  မြို့တော်ဘူဘနက်စ်ဝါနှင့် အိမ်နီးချင်း ပူရီခရိုင်တို့ရှိ နေရာအတော်များများတွင်  လျှပ်စစ်မီးမရနိုင်သေးသလို  သောက်သုံး ရေဖြန့်ဝေမှုစနစ်လည်း  တစ်သမတ်တည်းမဖြစ်နိုင်သေးကြောင်း သိရသည်။

 

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံတွင် ဂေဟ စနစ်၊ ငွေရေးကြေးရေးနှင့်  အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းထားသည့်ပမာဏထက်ပိုမိုများပြားကြောင်း၊ ဩရိဿပြည်နယ်တွင် ဂေဟစနစ်ဆိုင်ရာ ရေအိုင်နှစ်ခုရှိပြီး ယင်းရေအိုင်များမှာ မုန်တိုင်းဒဏ်ကြောင့် ကြီးမားစွာပျက်စီးခဲ့ရကြောင်း သိရသည်။  

 

ဆင်ဟွာ