နယူးဒေလီ ၁၄ မေ
မေလအစောပိုင်းက အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် တစ်နာရီလျှင်ပြင်းအား ၁၂၅ မိုင်နှုန်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့သည့် “ဖန်နီ”အမည်ရှိဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ၇၇ ဦး အထိ မြင့်တက်လာခဲ့ကြောင်း မေ ၁၃ ရက်ထုတ် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ဖန်နီမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံရှိ သေဆုံးသူဦးရေမှာ မူလက ၄၃ ဦး ရှိရာ မှ ၆၄ ဦးအထိ မြင့်တက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ယင်းမုန်တိုင်းကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖန်နီမုန်တိုင်းသည် အိန္ဒိယနိုင်ငံအရှေ့ဘက် ဩရိဿပြည်နယ် ပူရီနှင့်ခူရ်ဒါခရိုင်များတွင် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိမ်ခြေ ၅၀ဝ၀ဝ ကျော် ဖျက်ဆီးခဲ့သလို ထောင်သောင်းနှင့်ချီသော သစ်ပင်များလည်း အမြစ်လှန်ပစ်ခဲ့ကာ သန်းနှင့်ချီသော ဒေသခံပြည်သူများသည် လျှပ်စစ်မီး၊ ဆက်သွယ်ရေးစနစ်နှင့် သောက်သုံးရေများအတွက် အခက်အခဲ ကြုံတွေ့နေကြကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် နိုင်ငံအတွင်းသို့ မုန်တိုင်းမဝင်ခင် ပြည်သူ ၁ ဒသမ ၂ သန်းကျော်အား ဘေးလွတ်ရာအရပ်သို့ ကြိုတင်ပြောင်းရွှေ့ရန် စီမံဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ကနဦးက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ၏ ချီးကျူးခြင်းကို ခံခဲ့ရသော်လည်း မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက်၁၁ ရက်ကြာသည့်တိုင် လျှပ်စစ်မီး၊ ဆက်သွယ်ရေးစနစ်နှင့် သောက်သုံးရေ မရရှိနိုင်ခြင်းသည် အာဏာပိုင်များ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှောင့်နှေးမှုနှင့် စိတ်မဝင်စား မှုကြောင့်ဖြစ်သည်ဟု ရှုမြင်ခဲ့ရသည့်သန်းနှင့်ချီသော ပြည်သူများအတွက်မူ ယင်းချီးကျူးခံရမှုသည် အမျက်ဒေါသအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
ယခုအခါ လေဘေးသင့်ပြည်သူများသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းနှောင့်နှေးမှု၊ အစားအစာနှင့် သောက်သုံးရေဈေးနှုန်း မြင့်တက်လာမှုနှင့် ပတ်သက်ပြီး လမ်းမများတွင်ဆန္ဒဖော်ထုတ်လျက်ရှိကြကြောင်း သိရသည်။ သို့သော် ဩရိဿပြည်နယ်ဝန်ကြီးချုပ် နာဗင်းပတ်နိုက်ကမူ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအပေါ် ချင့်ချိန်ဆုံးဖြတ်ချက်ကို မေ ၁၅ ရက်မှ စတင်မည်ဖြစ်ပြီး လေဘေးသင့်ပြည်သူများကို ငွေကြေးထောက်ပံ့ပေးရန် ကတိကဝတ်ပြုထားသည်။
“ပျက်စီးဆုံးရှုံးမှုတန်ဖိုး ချင့်ချိန်တွက်ချက်မှု လုပ်ငန်းစဉ်ကို တာဝန်ရှိသူတွေက ကြီးကြပ်မည်ဖြစ်ပြီး လေဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်သွားမှာပါ” ဟု၎င်းက ဆက်လက်ပြောကြားသည်။
ပုံမှန်အားဖြင့် မုန်တိုင်းများသည် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ဖန်နီမုန်တိုင်းသည် နှစ်ပေါင်း ၁၅၀ အတွင်း နွေရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်မွှေနှောက်သည့် မုန်တိုင်းများအနက် တတိယအကြိမ်မြောက် အင်အားပြင်း မုန်တိုင်း ဖြစ်လာခဲ့သည်။
ဩရိဿပြည်နယ်တွင် ၁၉၉၉ ခုနှစ်က ဆူပါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မွှေနှောက်ခဲ့ရာ လူ ၁၀ဝ၀ဝ နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဘာသာပြန်-ဂျေတီ