၂၇ ဇွန်
စောစောတိုက်၊ ကြာကြာတိုက်၊ များများတိုက်၊ ဆာတိုင်း တိုက်၊ နေ့ရောညပါတိုက်ဆိုပြီး ကလေးအသက် ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ခဲ့ရပါတယ်။ နွားကလေးအတွက် နွားမကြီးရဲ့နို့ဟာ အကောင်းဆုံးဖြစ်သလို လူကလေးအတွက် မိခင်နို့သည်သာ အကောင်းဆုံးလို့ကြွေးကြော်ခဲ့တဲ့ကာလတွေပေါ့။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဟာ ကလေးအသက် ခြောက်လအထိလုံလောက်မျှတတဲ့ အာဟာရဓာတ်များနဲ့ ရေပါဝင်ပါတယ်။ လုံလောက်မျှတတယ်ဆိုတာ အစာဝရုံတင်မကဘူး၊ အသက်ရှင်ဖို့သာမကဘူး၊ ကြီးထွားဖွံ့ဖြိုးစေဖို့ပါလုံလောက်ပါတယ်။ ရောဂါကာကွယ်တဲ့ဓာတ်တွေပါဝင်တဲ့အတွက် နာမကျန်းမဖြစ်တာနဲ့ ဖြစ်ရင်လည်း မြန်မြန်ကောင်းမွန်စေနိုင်ပါတယ်။ မိခင်နို့ဟာ အစာကြေလွယ်တယ်။ မိခင်နို့ဟာ သူ့ကလေးအတွက်ဓာတ်မတည့်ခြင်းကြောင့် ယားယံတာမျိုးတွေမဖြစ်တော့ပါဘူး။ မိခင်နို့တစ်မျိုးတည်းတိုက်ရင် ဒီလိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
စောစော နို့မတိုက်ခဲ့ရင်
မိခင်ဝမ်းကြာတိုက်ထဲမှာ ကိုးလကျော်ကြီးနေခဲ့ရတဲ့ကလေးငယ်ခမျာ အပြင်လောကထဲ ရောက်လာတာနဲ့အူဝဲ...အူဝဲလို့အသံပေးပြီး နို့ချိုကို ရှာဖွေတောင့်တခဲ့တယ် မဟုတ်လား။ အဲဒီအချိန်မှာ တချို့က ကလေးရဲ့ဆာလောင်မှုကို လျစ်လျူရှုခဲ့ပါတယ်။ မွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တိုက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ဒါမှမဟုတ် မိခင်ကိုပဲဂရုစိုက်နေရတော့ ကလေးငယ်ဘက်ကို လျော့ရဲရတာမျိုးလည်း ရှိပါတယ်။ မွေးဖွားမိခင်၊ မီးတွင်းမိခင်ဆိုတာ မီးတွင်းထဲကတက်လာတဲ့၊ သေမင်း နဲ့စစ်ခင်းခဲ့ရတဲ့ အမျိုးသမီးမြတ်ပဲမဟုတ်လား။ ဒီတော့သှူရဲ့ သေရေးရှင်ရေးမှာ ကလေးငယ်ကို မျက်ကွယ်ပြုမိသလိုမျိုး တွေ့ရတတ်ပါတယ်။
မိခင်က စောနိုင်သမျှစောစော နို့မတိုက်ခဲ့ရင် မိခင်နို့ရည်ထုတ်လုပ်ခြင်းတို့၊ နို့ရည်ထွက်ခြင်းတို့ အားနည်း သွားနိုင်ပါတယ်။ တချို့ဆိုရင် နွားနက်မြီးပြုတ်သောက်ရတာနဲ့၊ ဒန့်သလွန်ရွက်ဟင်းချို သောက်ရတာနဲ့နို့မထွက်လို့ ဒုက္ခရောက်ကုန်ပါတယ်။ ကလေးဘက်ကိုကြည့်ရင်လည်း ကလေးရဲ့ နို့ရှာအားတို့၊ နို့စို့အားတို့လျော့နည်းသွားပါတယ်။ နို့အလွန်စို့ချင်နေတဲ့ ကလေး ို ပစ်ထားလိုက်တော့ ရရှိလာမယ့် အပြစ်ဒဏ်တွေပေါ့။
စောတိုက်ခြင်းရဲ့ ကောင်းကျိုး
တကယ်လို့သာ မွေးပြီးတစ်နာရီအတွင်း နို့တိုက်ခဲ့မယ်ဆိုရင် နို့မထွက်တာ၊ နို့ရည်အထွက်နောက်ကျတာ၊ နို့ရည်မလုံလောက်တာတွေ မဖြစ်တော့ပါဘူး။ တချို့ကလည်း မေးပါတယ်။ နို့မှမထွက်တာ ဘာလို့အညောင်းခံပြီးတိုက်ရမှာလဲတဲ့။ နို့က တိုက်မှ၊ စို့မှ ထွက်လာတာပါ။မမွေးခင်ကတည်းက သားဖွားဆရာမ၊ ဆရာဝန်၊ သားဖွားမီးယပ်ပါရဂူတို့နဲ့ပြသတိုင်ပင်ပြီး နို့သီးခေါင်းအထဲဝင်နေတာမျိုးတွေမရှိအောင် ပြုပြင်ထားသင့်ပါတယ်။စောစောနို့တိုက်တဲ့အတွက် မိခင်နဲ့ကလေးရဲ့တွယ်တာမှုဟာ စောစောဖြစ်ပေါ်လာရပါတယ်။ မိဘနဲ့သားသမီး အစေးကပ်ချင်ရင် ဒီတစ်ခုကို အရင်လုပ်စေချင်ပါတယ်။နုနယ်သေးကွေးတဲ့ ကလေးငယ်လေးဟာ အသားချင်း ထိကပ်နေရတဲ့အတွက် ကိုယ်ပိုင်းဆိုင်ရာ အနွေးဓာတ်အပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ရရှိစေပါတယ်။ကလေးကနို့စို့ယူခြင်းဟာ ကလေးအတွက်သာမကပါဘူး၊ မိခင်မှာ အောက်ဆီတိုစင် ဟော်မုန်းထွက်စေတာကြောင့်သားအိမ်ကျုံ့ခြင်း၊ မွေးပြီးသွေးသွန်ခြင်းမှ ကာကွယ်ပေး ခြင်း စတဲ့ကောင်းကျိုးတွေကိုလည်း ရရှိစေပါတယ်။
နို့ဦးရည်ကြည်အဝါရောင်ကိုလည်း တိုက်ဖို့မမေ့သင့်ပါဘူး။ တချို့က နို့မထွက်လို့ဆိုပြီး ညှစ်ထုတ်ပစ်တတ်တော့ ပထမဆုံးထွက်လာတဲ့ နို့ဦးရည်ကြည်တွေက ပါသွားပါတယ်။ ကျွန်တော်တို့ပြောပြောနေတဲ့ ရောဂါကာကွယ်တဲ့ဓာတ်တွေဟာ အဲဒီနို့ဦးရည်ကြည်ထဲမှာ အများဆုံးပါတာပါ။ တော်ကြာ ထမင်းချက်တဲ့အခါ ထမင်းရည် ငှဲ့ချက်ပြီး ထမင်းရည်ကိုဝက်ကျွေးသလို လူက အခွံအဖတ်တွေစား၊ ဝက်ကိုအဆီအနှစ်ကျွေးဆိုပြီး အပြောခံရ ပါမယ်။ နို့ဦးရည်ကြည်ဟာ အဲဒီတစ်ခါပဲထွက်တာပါ။
အကျိုးကျေးဇူးများ
မိခင်နို့တိုက်ကျွေးတဲ့အခါ ကလေးအတွက်၊ မိခင်အတွက် အကျိုးကျေးဇူးများသလိုပဲ အိမ်ထောင်ရေး၊ စီးပွား ရေးမှာလည်း အကျိုးကျေးဇူးတွေများပါတယ်။ မိခင်ကကိုယ့်နို့ရည်နဲ့ကိုယ်မွေးမြူစောင့်ရှောက်တော့ ကလေးငိုတိုင်း၊ နို့ဆာတိုင်း နေ့၊ ညမရွေးနို့တိုက်နိုင်ပါတယ်။ ရေမသန့်လို့၊ နို့မှုန့်မကောင်းလို့၊ နို့ဘူးမသန့်လို့ဖြစ်လာရမယ့် ဝမ်းလျှော ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါတွေ၊ အစာအဆိပ်သင့်တာတွေမယ်လမင်းလို အ္တရာယ်ပေးမယ့်ဓာတ်ပစ္စည်းတွေ၊ ရေက တစ်ဆင့်ရရှိနိုင်တဲ့ ကူးစက်ရောဂါတွေ မဖြစ်နိုင်တော့ပါဘူး။
နို့ဘူးတိုက်ခြင်း
နို့ဘူးတိုက်ခြင်းဟာ ကရိကထများပါတယ်။ အသက်အရွယ်အလိုက် နို့မှုန့်အချိုးအစားကို ရှာဝယ်ရပါတယ်။ နို့မှုန့်ဘူးတွေဟာ ဈေးကြီးတာများပါတယ်၊ တချို့ဆို မတတ်နိုင်တော့လို့ ရရာနို့မှုန့်နဲ့အစားထိုးရတာ၊ နွားနို့၊ ဆိတ်နို့နဲ့အစားထိုးရတာ၊ နို့ရည်အထွက်ကောင်းတဲ့သူရှာတိုက်ရတာမျိုးတွေ ဖြစ်လာရပါတယ်။ နို့မဝတဲ့ကလေးက တငိုငိုတကျည်ကျည်နဲ့မို့ အိပ်ရေးပျက်ညတွေ တစ်အိမ်သားလုံး ဖြစ်လာရပါတယ်။ တချို့ဆို လူကြီးချင်းထသတ်တာမျိုးတွေကြုံဖူးပါတယ်။ တစ်နေကုန် အလုပ်ပင်ပန်း၊ ညရောက်တော့မအိပ်ရတဲ့အိမ်သားက နို့မထွက်လို့ နို့မတိုက်နိုင်တဲ့မိန်းမကိုထပေါက်ကွဲတာပေါ့။
ဖြည့်စွက်စာကျွေးသင့်
ဒါပေမယ့် ကလေးအသက်က ခြောက်လလည်းကျော်လာရော ကလေးရဲ့နေ့စဉ်လိုအပ်ချက်တွေက ပိုများလာပါ တယ်။ ဒီတော့ ကြီးထွားဖွံ့ဖြိုးလာတဲ့ ကလေးရဲ့လိုအပ်ချက်နဲ့အညီ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးဖို့အတွက်မိခင်နို့အပြင် အခြားသောအစာများ ဖြည့်စွက်ကျွေးခြင်းကို ကျွေးမွေးပေးရပါမယ်။ ဖြည့်စွက်စာမကျွေးရင် ကလေးခြောက်လမှ တစ်နှစ်သားအရွယ်အတွက် ကယ်လိုရီလိုအပ်ချက်ရဲ့ တစ်ဝက်ခန့်၊ တစ်နှစ်ကျော်တဲ့အခါ သုံးပုံတစ်ပုံခန့်သာ မိခင်နို့က ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန္ဓေသားဘဝက ရရှိစုဆောင်းထားတဲ့ သံဓာတ်တွေကလည်း ထုတ်ယူအသုံးပြုလို့ ကုန်သွားပါပြီ။ ကလေး ကလည်း ကြီးထွားမှု အမြန်ဆုံးအချိန်လည်းဖြစ်၊ အဖတ်ကိုမျိုချဖို့၊ အစာချေဖျက်ဖို့ အသင့်လည်းဖြစ်နေတာမို့ဖြည့်စွက်စာ ကျွေးသင့်နေပါပြီ။
များသောအားဖြင့်တော့ ကျွန်တော်တို့တစ်တွေက ကလေးငယ်တွေကို ထမင်း(ကစီဓာတ်)ကို ပဲအဓိက ကျွေးတာများပါတယ်။ ထမင်းကို ပေါင်းကျွေးတယ်၊ ထမင်း ရည်နဲ့ရောကျွေးတယ်၊ ဆန်ပြုတ်ပြုတ်ကျွေးတယ်၊ ဇွန်းနဲ့ချေကျွေးတယ် အစရှိသဖြင့်ပေါ့။ ဘာတွေကျွေးရမယ်၊ ဘယ်လိုကျွေးသင့်တယ်ဆိုတာ မလေ့လာခဲ့မိပါဘူး။ ဖြည့်စွက်အစာကျွေးမယ်ဆိုရင် (၁)အာဟာရဓာတ်များ ပြည့်ဝစွာရရှိစေဖို့ အစာမျိုးစုံကို လုံလုံလောက်လောက်ကျွေးမွေးရမယ် (၂)ဘေးဥပဒ်ကင်းအောင် သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ရမယ် (၃) ကလေးကို အစာစားချင်လာအောင်၊ စားနိုင်အောင်ဖန်တီးပြီး စိတ်ပါလက်ပါ ကျွေးမွေးရ ပါမယ်ဆိုတဲ့ အခြေခံမူတွေ ရှိရပါမယ်။
အစာအုပ်စု သုံးမျိုး
အာဟာရဓာတ်များ ပြည့်စုံဖို့ဆိုရင် အင်အားဖြစ်စေတဲ့ အစာအုပ်စု၊ ခန ̈ာကိုယ်ကြီးထွားစေတဲ့ အစာ အုပ်စု၊ ရောဂါကာကွယ်တဲ့ အစာအုပ်စုဆိုတဲ့ အုပ်စုသုံးမျိုးကိုစုံလင်မျှတအောင် ကျွေးမွေးရပါမယ်။ အင်အားဖြစ်စေတဲ့အစာအုပ်စုဆိုတာဘာလဲဆိုရင် ဆန်၊ ဂျုံ၊ ပြောင်းစတဲ့ကစီဓာတ်နဲ့ ပဲဆီ၊ နှမ်းဆီ၊ မြေပဲဆီ စတဲ့ အဆီဓာတ်တွေပဲဖြစ်ပါတယ်။ အဆီဓာတ်လို့ ဆိုရာ မှာ စားအုန်းဆီ၊ တိရ္ဆာန်ထွက်အဆီတွေ မပါသင့်ပါဘူး။ မပြည့်ဝဆီသီးနှံဆီတွေပဲကျွေးသင့်ပါတယ်။ ခန္ဓာကိုယ်ကြီး ထွားစေတဲ့ အစာအုပ်စုကတော့ အသား၊ ငါး၊ ပုစွန်၊ နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ပဲအမျိုးမျိုး စတဲ့ ပရိုတိန်းဓာတ်တွေကို ခေါ်တာပါ။ ရောဂါ ကာကွယ်တဲ့ အစာအုပ်စုကတော့ ဗီတာမင်တွေ၊ သတ္တု ဓာတ်တွေပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေပါ။
တစ်ကြိမ်တည်းနဲ့ အာဟာရမျိုးစုံပါအောင် မဖြစ်နိုင်ရင်လည်း တစ်နေ့တာအတွက် အာဟာရအုပ်စုသုံးမျိုးစလုံးပါဝင်အောင် စီမံကျွေးမွေးသင့်ပါတယ်။ ဥပမာ- ဆန်ပြုတ်ပျစ်ပျစ်ထဲ ဆီနည်းနည်းဆမ်း၊ ကြက်ဥပြုတ်လေး စိတ်ထည့်၊ ဟင်းရည်သောက်လေးနဲ့ ကျွေးမယ်ပေါ့။ မုန့်ပဲသရေစာချိန်ရောက်ရင် အသီးအနှံလေး ကျွေးပေါ့။ ဒါဆိုရင် အစာအုပ်စုသုံးမျိုးစလုံး ပါဝင်နိုင်ပါတယ်။
သန့်ရှင်းစွာ ချက်ပြုတ်ပြင်ဆင်ခြင်
ဘေးဥပဒ်ကင်းအောင် ချက်ပြုတ်ဖို့ဆိုရင်ဆန်မှုန့်လို အာဟာရမှုန့်တွေကို ရောဂါပိုး၊ ပိုးသတ်ဆေး၊ ဓာတုပစ္စည်း၊ အဆိပ်အတောက်ကင်းဖို့အတွက် လုံခြုံစွာထုပ်ပိုးသိမ်းဆည်းထားသင့်ပါတယ်။ အစားအသောက်ထားတဲ့နေရာမှာ သီးသန့်ထားရမှာပေါ့။ မဟုတ်ရင် ပဲမှုန့်နဲ့မြေပိုးသတ်ဆေးမှားသလို အဆိပ်သင့်နိုင်ပါတယ်။ ရေ တိုက်မယ်ဆိုရင် ရေသန့်၊ ရေကျက်အေးပဲ တိုက်သင့်ပါတယ်။ ရေစိမ်းတွေတိုက်ရင် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါပိုးတွေ ကူးစက်လွယ်ပါမယ်။ နို့ဘူးနဲ့ တိုက်ကျွေးတယ်ဆိုရင်နို့ဘူးထဲမှာ ရေထည့်လိုက်၊ အချိုရည်ထည့်လိုက်၊ နို့ထည့်လိုက် လုပ်နေရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လွယ်ပါတယ်။ ကျွေးမယ့်အစာ၊ ထည့်တဲ့အိုး၊ ခွက်၊ ပန်းကန်၊ ကျွေးမယ့်လက်၊ ချက်ပြုတ်တဲ့ပတ်ဝန်းကျင်တွေဟာ သန့်ရှင်းနေဖို့လိုပါတယ်။ အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့်ဆိုတဲ့ သန့်လေးသန့် ဖြစ်နေရမှာပေါ့။
ပိုးသတ်ဆေးနဲ့ အခြားသောဓာတုပစ္စည်းများရဲ့အန္တရာယ်ကို ကာကွယ်နိုင်စေဖို့ အဲဒီပိုးသတ်ဆေး စတဲ့အဆိပ်အတောက်တွေကို မီးဖိုချောင်၊ ရေတွင်း၊ ရေကန်တွေနဲ့ ဝေးတဲ့နေရာမှာ သူ့ဘူး၊ သူ့ပုံးထဲ လုံအောင်ထည့်ပြီး စနစ်တကျသိမ်းထားရပါမယ်။ အဲဒီပိုးသတ်ဆေး၊ ဓာတုပစ္စည်းတွေကိုသုံးစွဲပြီဆိုရင် ထုတ်လုပ်တဲ့စက်ရုံရဲ့အညွှန်းအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ ပိုးသတ်ဆေးဖျန်းခဲ့ရင် ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို အိမ်၊ မီးဖို၊ ရေတွင်းရေကန်တို့နဲ့ ဝေးရာမှာ လျှော်ဖွပ်သင့်ပါတယ်။ အစားအစာတွေ၊ အသီးအနှံတွေကို အေးပြီးခြောက်သွေ့တဲ့၊ လေဝင် လေထွက်ကောင်းတဲ့နေရာမှာ စနစ်တကျထားရှိရပါမယ်။ မှိုတက်နေတဲ့အစားအစာတွေကို မကျွေးသင့်ပါဘူး။ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစာတွေကိုလည်း မကျွေးသင့်ပါဘူး။
စားချင်စဖွယ်ဖြစ်စေရန်
စားချင်လာအောင် ကျွေးမွေးတတ်ဖို့လည်း လိုပါတယ်။ သန့်ရှင်းတဲ့၊ အာရုံများစရာမရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွေးမွေးသင့်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဂရုစိုက်ပြီး ကျွေးရပါမယ်။ သူတို့ဘာသာ မစားနိုင်သေးတဲ့အရွယ်မှာ ကိုယ်က အလုပ်မအားလို့ဆိုပြီး ပစ်ထားလိုက်လို့မဖြစ်ပါဘူး။ ယင်ကောင်တွေ နားတာ၊ အမှိုက်တွေကောက်စားတာမျိုး ဖြစ်တတ်ပါတယ်။ အသက်အရွယ်အလိုက် သင့်လျော်တဲ့ ဇွန်း၊ ပန်းကန်ကို သုံးပြီး ကျွေးရပါမယ်။ ကလေးက ငယ်ငယ်လေး၊ ဇွန်းက ပါးစပ်နဲ့မလိုက်အောင် ကြီးနေရင် ဘယ်လိုမှ စားနိုင်မယ်မထင်ပါဘူး။
ကလေးကုန်လောက်တဲ့ပမာဏမှာ အာဟာရ စုံလင်အောင် ထည့်ကျွေးနိုင်ဖို့ လိုက်ဖက်တဲ့ ပန်းကန်လေး လိုပါတယ်။ ပန်းကန်ကလည်း ကလေးတွေ စိတ်ဝင်စားလောက်တဲ့ ကာတွန်းပုံ၊ ပန်းပုံ စတဲ့ ပုံလေးတွေနဲ့ဆိုရင်ပိုပြီး စိတ်ဝင်စားနိုင်ပါတယ်။ တကယ်လို့ ကလေးက နေမကောင်းရင်လည်း အစာကျွေးသင့်ပါတယ်။ ကြေလွယ်တဲ့၊ အားရှိမယ့် အစာတွေကိုပေါ့။ နာလန်ထ ချိန်ရောက်ရင်လည်း ပုံမှန်ထက် ပိုကျွေးပေးရပါမယ်။ ဒါမှ မြန်မြန်ကျန်းမာသန်စွမ်းလာမယ် မဟုတ်လား။
ရှေးရိုးရာအတိုင်း ဝါးခွံ့တာမျိုးတော့ မလုပ်စေချင်ပါဘူး။ ဝါးခွံ့ရင် ဝါးခွံ့တဲ့သူက ပါးစပ်နဲ့လက်ကို စင်အောင်ဆေးထားလည်း ကိုယ်တွင်းရောဂါတစ်မျိုးမျိုးရှိနေရင်ကလေးကို ကူးစက်နိုင်ပါတယ်။ သွားနဲ့ခံတွင်းရောဂါ တစ်မျိုးမျိုးရှိနေရင်တော့ ပိုဆိုးတာပေါ့။ ဒါကြောင့်ဝါးဖတ်တော်ကစီနှစ်နဲ့ လူဖြစ်အောင် ကျွေးမွေးတယ်ဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေပါတယ်။
အနာဂတ်ရဲ့ ရတနာလေး ဖြစ်လာ
ကလေးအသက် ခြောက်လကျော်လာလို့ ဖြည့်စွက်စာကျွေးတယ်ဆိုပေမယ့် မိခင်နို့ကတော့ အသက်နှစ်နှစ်ကျော်တဲ့အထိ ဆက်တိုက်ရမှာပါ။ စကျွေးတော့ဆန်ပြုတ်လို ကြေညက်လွယ်တဲ့ထမင်းကို နည်းနည်း နည်းနည်းနဲ့ စကျွေးရမှာပါ။ ကြက်ဥပြုတ်အနှစ်၊ ဖီးကြမ်း ငှက်ပျောသီးအမှည့်(အူတိုင်မပါ) စတာတွေကိုလည်း နည်းနည်း နည်းနည်း ကျွေးပေးသင့်ပါတယ်။ အသက်ခြောက်လကနေ ရှစ်လအထိဆိုရင် တစ်နေ့ နှစ်ကြိမ်သုံးကြိမ်၊ အသက်ကိုးလကနေ နှစ်နှစ်အထိဆိုရင်တစ်နေ့ သုံးကြိမ်၊ လေးကြိမ် ကျွေးနိုင်ပါတယ်။ တစ်ကြိမ်၊မှာ လက်ဖက်ရည်အချိုပန်းကန် တစ်လုံးစာပမာဏနဲ့ကျွေးရမှာပါ။ ပြီးတော့ အာဟာရပြည့်ဝတဲ့ သရေစာတွေကိုလည်း တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ် ကျွေးနိုင်ပါတယ်။
မိခင်နို့လည်း တိုက်မယ်၊ ဖြည့်စွက်စာကိုလည်း အလေးထားပြီး ကျွေးမယ်၊ အာဟာရပြည့်ဝတဲ့ သရေစာ တွေကိုလည်း အသက်အရွယ်အလိုက် ကျွေးမွေးမယ်ဆိုရင် ကလေးဟာ အနာဂတ်ရဲ့ ရတနာလေး ဖြစ်လာမှာ မလွဲပါဘူး။
ဇော်သစ်ကြည်