ဖွံ့ဖြိုး ရှင်သန် လှပ မဲနယ်တောင်တန်းဒေသ (၂)

ဝ ထ က လ သ  (နတလ)

 

မဲနယ်တောင်တန်း

 

မဲနယ်တောင်တန်းကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း)   ဟိုပုံးမြို့နယ်အတွင်း၌  တည်ရှိပေသည်။ ရှမ်းပြည်နယ်တွင် မဲနယ်တောင်ကို မသိသူ အလွန်ရှားပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)ဟိုပုံးမှ ကယားပြည်နယ် လွိုင်ကော်သို့ ကားဖြင့် ခရီးသွားတိုင်း အမြဲတမ်းလိုလို ဟိုပုံး- နမ့်ခုတ်- နောင်မွန်- ဘန်းယဉ်- ဆိုက်ခေါင်- ဆီဆိုင် အစ ရှိသောမြို့ရွာများကို ဖြတ်သန်းမောင်းနှင်လျက် ညို့ညို့မှိုင်းမှိုင်း မဲနယ်တောင်တန်းကြီးကို လှမ်းငေးမော၍ ကြည့်ရှုခဲ့ရပါသည်။ မဲနယ် တောင်တန်းကား တောင်စဉ်အထပ်ထပ် လျှိုမြောင် အသွယ်သွယ်တို့ဖြင့် စိမ်းလန်းစိုပြည် လှပနေပေ၏။

 

မျက်စိတစ်ဆုံးရှိနေကြသည့် လယ်ကွင်းပြင်၊ စိုက်ခင်းများက အစိမ်းရောင်၊ နီညိုရောင်၊ အဝါနု ရောင်၊ အဝါရင့်ရောင် စသည်ဖြင့် မြေအနိမ့်အမြင့် အလိုက် အရောင်စုံများ မြင်တွေ့ရသလို ထင်းရှူး တန်းများ၊ တောင်ပြာတန်းများကလည်း စိတ်အေး ချမ်းဖွယ် ဖြစ်ပါသည်။ ရာသီဥတုမှာတော့ အေးသည်ဆိုတာထက် ပို၏။

 

ပအိုဝ်းလူမျိုးများက ယင်းတောင်တန်းကြီးကို “မိုင်းကောင်”ဟု ခေါ်ဝေါ်ကြသည်။ “မိုင်း”ကား “မဲနယ်”ဟု အဓိပ္ပာယ်ရသည်။ “ကောင်” ကား “တောင်”ဟု အဓိပ္ပာယ်ရသည်။ စကားနှစ်ရပ်ပေါင်းတော့ မြန်မာလို “မဲနယ်တောင်”ဟု အဓိပ္ပာယ်ရပါသည်။

 

ပအိုဝ်းလူမျိုးတို့သည် ရှေးယခင်အခါက မိမိတို့၏ အဝတ်အထည်များကို အနက်ရောင်အဆင်း ဖြစ်အောင် သစ်ခေါက်ရည်ဖြင့်ဆိုး၍ ဝတ်ကြသည်။ အနက်ရောင်ဆိုးရန် အသုံးပြုသောအပင်ကို “မုဲင်းမွုး”ဟု ခေါ်ပါသည်။ ယင်းအပင်များ ပေါများလှသော ၎င်းတောင်ကို “မုဲင်းကောင်” “မဲနယ်တောင်” ဟုခေါ်ဆိုခြင်းဖြစ်သည်ဟုလည်း သိရပြန်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် မဲနယ်တောင်တန်းရှိ ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် မူးယစ်အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် ၂- ၉-၂၀၂၂ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ မဲနယ်တောင်ဒေသသို့ ရောက်ရှိခဲ့ပါသည်။ ပအိုဝ်းဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးလည်း လိုက်ပါခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး၊ ပအိုဝ်းဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် နတလညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုတို့ ပါဝင်သောအဖွဲ့သည် မဲနယ်တောင်တန်းဒေသသို့ အသေးစိတ် ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပင်ဖြစ်၏။ အခြေခံလိုအပ်လျက်ရှိသည့် လမ်း/တံတား လုပ်ငန်း စီမံကိန်းများအား ဦးစားပေးအလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပါသည်။

 

ရှုခင်းသာနှင့် တိုင်တစ်ရာကျောင်း

 

ဟိုပုံး- မိုင်းပွန် ကားလမ်းပေါ်၌ ရွာသစ်ကျေးရွာရှိ၏။ ထိုမှ တောင်ပေါ်လမ်းအတိုင်း စငေါ၊ ဆက်သွားမည်ဆိုလျှင် စံဖူးကျေးရွာကို ကျော်ပါက ကျောက္ကချားကျေးရွာကို ရောက်ရှိမည်ဖြစ်၏။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက္ကချား ကျေးရွာမှ ရှုခင်းသာနှင့် နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ရှေးဟောင်း နမ့်ဟုတ်ဘုန်းကြီးကျောင်းတို့ကိုလည်း ကြည့်ရှု လေ့လာခဲ့ကြပါသည်။

 

ကျောက္ကချားကျေးရွာ၏ အနောက်ဘက် တစ်မိုင်ကျော်ခန့်တွင် အလှတရားများ ပြည့်နှက်နေသည့် တောင်ဇလပ်ပန်းများပွင့်သော အမြင့် ၈၂၆၃ ပေရှိသည့် လွယ်မိုင်းတောင်ထိပ်၌ view point (ရှုမျှော်ခင်း) ရှိပါသည်။

 

သဘာဝအရိုင်းပန်းများနှင့် ပကတိအလှတရားများ ပြည့်နှက်နေသောနေရာပင် ဖြစ်၏။ ပေပေါင်း ၈၂၀၀ ကျော်သည့်အတွက် တောင်ဇလပ်ပန်းများပွင့်သော အမြင့်ပေဖြစ်လေသည်။ တောင်ထိပ်ပတ်ပတ်လည်၌သာ တောင်ဇလပ်နီနီများ ဝေနေအောင်ပွင့်ပြီး အခြားနေရာများ၌ တောနက်နက်၊ တောင်စွယ်အထပ်ထပ်ကို ကြည်နူးဖွယ် တွေ့မြင်နေရပါသည်။ ပင်စိမ်းသီးပင်များ၊ နွယ်ရိုင်းပင်များ၊ တောပန်းတောင်ပန်းရောင်စုံ အလှများဖြင့် သဘာဝအတိုင်း အရိုင်းဆန်ဆန်လှနေသည့် မြင်ကွင်းဖြစ်ပေသည်။ ဤအေးချမ်းလှပသော ဒေသသည်တစ်ချိန်တွင် မြန်မာ့ခရီးသွားလုပ်ငန်းများအတွက် အပန်းဖြေလေ့လာစရာများဖြင့် ထင်ရှား လာပေလိမ့်မည်ဟု ယုံကြည်နေပါသည်။

 

mdn

 

နမ့်ဟုတ်ကျောင်း

 

နမ့်ဟုတ်ဒေသသည် ၁၆ ရာစုကပင် ရှိပြီးဖြစ်သည်ဟု မှတ်သားရသည်။ နမ့်ဟုတ်သည် ရှမ်းဘာသာစကားဖြစ်ပြီး ပအိုဝ်းဘာသာအားဖြင့် “ထိလုံ”(ထိတာအိအုံ)ဟု အဓိပ္ပာယ်ရပေသည်။ မြန်မာဘာသာအားဖြင့် ချုံပုတ်ထဲက ရေထွက်သော နေရာဟု ပြန်ဆိုနိုင်ပေသည်။

 

ထိုကျောက္ကချားကျေးရွာ၌ ကျောက္ကချား ဘုန်းတော်ကြီးကျောင်းသည် ကျောင်းကျယ်ဝန်း ခြင်း၊ တိုင်လုံးကြီးခြင်း၊ ဘုရားရုပ်ပွားတော်များ ကြီးမားသပ္ပာယ်ထည်ဝါခြင်း ဂုဏ်အင်္ဂါတို့ကြောင့် “နမ့်ဟုတ်ကျောင်းတော်ကြီး” ဟုလည်း လူသိများ ကြသည်။ တိုင်တစ်ရာကျောင်းဟုလည်း ထင်ရှားပါသည်။

 

ကျောင်းကြီး၏ သက်တမ်းမှာ ယခုဆိုလျှင် နှစ် ၁၁၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်သည်။ နမ့်ဟုတ်ကျောင်းကြီးကို လူကြီးတစ်ဖက်မက ကြီးမားသော သစ်သားတိုင်လုံးကြီးပေါင်း တစ်ရာကျော်ဖြင့် ရှေးလက်ရာ တည်ဆောက်ထားဟန်ကို မြင်တွေ့နိုင်ပေသည်။ ကျောင်းဆောင်မျက်နှာကြက်၌ ထူးခြားဆန်းပြားသည့် သစ်သား ကနုတ်ထွင်း အနုစိတ်လက်ရာများကို လေ့လာနိုင်ပါသည်။ ကျောင်းဆောင်အပေါ်ထပ်၌ တိုင်လုံးကြီးများကို ပွတ်လုံးချောထားပြီး ရွှေစေးချထားကာ စာများ ရေးထားသည်ကို တွေ့မြင်ရသည်။

 

ကျောင်းဆောင်ပေါ်၌ နှစ်ကာလ မခန့်မှန်းနိုင်သော ရှေးဟောင်းဆင်းတုတော်များကို ဖူးတွေ့ရ၏။ ထို့ပြင် ရှေးခေတ်ရှမ်းစော်ဘွားများ အသုံးပြုခဲ့သည်ဟု ယူဆရပြီး ရှေးဟောင်းပလ္လင်ဖြစ်ဟန် တူသည့် သစ်သားပလ္လင်ကိုလည်း တွေ့မြင်ရပြန်သည်။ ကျောင်းကြီးအတွင်း၌ ရှေးဟောင်းပုံစံ သစ်သားပွတ်လုံးများဖြင့် အခန်းကန့်များ၊ သစ်သား ဗီရို၊ ရှေးပန်းအိုး၊ သံပတ်ပေးတိုင်ကပ်နာရီများကို လည်း မြတ်နိုးစွာ ထိန်းသိမ်းထားနိုင်သည်ကို မြင်တွေ့ခဲ့ရသည်။

 

တကယ်တော့ “နမ့်ဟုတ်”ဟု စတင်ခေါ်စကပင် နေရာဒေသတစ်ခုတည်း မြဲခြင်းမရှိခဲ့။ ရေ အခက်အခဲကြောင့် နေရာဒေသများ အကြိမ်ကြိမ် ပြောင်းခဲ့ကြသော်လည်း “နမ့်ဟုတ်” ဆိုသော အမည်ကား ယနေ့တိုင် ခေါ်ဝေါ်နေဆဲပင်။

ပြောင်းရွှေ့ခေါ်ဝေါ်ခဲ့ကြသော အခြားရွာအမည်များမှာ ပင်ပလိရွာ၊ ကံ့ကော်ရွာ၊ ကျလုံရွာ၊ နမ်းဟုတ် ရွာ၊ ပင်စိမ်းရိုင်းပင်ရွာ၊ ဗန်းမောင်ရွာ၊ လျှံနွမ်သူရွာ၊ ပန်အွိရွာစသည့် ရွာများဖြစ်သည်ဟု ဒေသခံများထံမှ သိခဲ့ရပါသည်။ ယခုအခါတွင် ယင်းရွာများမှာ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

 

ကျောက္ကချားကျေးရွာ မီးလင်းရေး

 

နယ်မြေငြိမ်းချမ်းမှုများနှင့်အတူ မီးအလင်းရောင်ကို လိုအပ်ခဲ့သော ဤမဲနယ်တောင်တန်း ဒေသမီးလင်းရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနက ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၈-၁၀-၂၀၂၂ ရက်တွင် ဟိုပုံးမြို့နယ် စငေါကျေးရွာ၌ မဲနယ် တောင်တန်းဒေသ (ရွာသစ်ကျေးရွာမှ ကျောက္ကချား ကျေးရွာအထိ) လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၀ ဒသမ ၄ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၈ ဒသမ ၅ မိုင် သွယ်တန်းခြင်းနှင့် ၁၁/၀ ဒသမ ၄ ကေဗွီအေ ထရန်စဖော်မာ ၁၈ လုံး ဖြင့် ကျေးရွာ ၂၀ မီးလင်းရေးအတွက် ဓာတ်အားလိုင်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

 

ထို့ကြောင့် ကျောက္ကချားကျေးရွာ အပါအဝင် ထီလင်း၊ ထီဗွာ၊ ခိုချဲ၊ နမ့်ဟူး၊ ယုပွေး၊ လဲလောင်း၊ ပန်လျှန်း၊ စငေါ၊ လိုက်ကွန်၊ လိုက်ကန်၊ လိုက်ပေး၊ ဘန့်စောက်၊ ကျောင်းနား၊ ထီခမ်း၊ စံဖူး၊ ထလျှနိုး၊ ဘန့်ကွန်၊ ပန်သခွားနှင့် ဒုံကောင် စသည့်ကျေးရွာများအားလုံးသည် လျှပ်စစ်မီးအလင်းရောင် ရရှိနေပြီဖြစ်ပါသည်။

 

ထို့ပြင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာ လမ်း၊ Box Culvert နှင့် တံတားပေါင်းများစွာကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

 

ဟိုပုံးမြို့နယ် ကျောက္ကချား- ပန်စောက်- နတ်စင်- ပန်ကလ- ဒုံလိတန် ၁၀ မိုင်လမ်းပိုင်း၌ ကျောက္ကချား- ပန်စောက်- နတ်စင်လမ်း ၆ မိုင် ၄ ဖာလုံကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်းဖောက်လုပ်ပေး ထားပြီးဖြစ်သည်။ ထိုလမ်းပိုင်းများကို ဘဏ္ဍာနှစ် အလိုက် ဆက်လက် အဆင့်မြှင့်တင်ပေးလျက်ရှိသည်။

 

လပ်တိုင်- ပင်အွန်လမ်း

 

မဲနယ်တောင်တန်းနှင့် လွယ်မောတောင်တန်းကို “လပ်တိုင်-ပင်အွန်” လမ်းဖြင့် နယ်နိမိတ် ပိုင်းခြားထားသည်ဟု ဆိုရပေမည်။ ယင်းလမ်းပိုင်းသည် ၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး “နတလ” မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၉- ၂၀၂၀၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်အထိ ၅ မိုင် ၄ ဖာလုံတွင် ကျောက်လမ်းဖောက် လုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။ လမ်းအဆင့်မြှင့်တင် ပေးရန် ဆီဆိုင်မြို့နယ် ကျောင်းချယ်လမ်းခွဲမှ လပ်တိုင်- ပင်အွန်လမ်း ၅ မိုင်အနက် ၁ မိုင် ၄ ဖာလုံ ၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပေပြီ။ နောင်တွင် ဤလမ်းသည် ကတ္တရာလမ်းမကြီးအဖြစ် ဖြောင့်ဖြူးစွာ ဖြစ်ပေါ်လာ ပေတော့မည်။

 

ဆိုက်ခေါင်ကျေးရွာ

 

ထိုမှတစ်ဖန် “ဆိုက်ခေါင်” သို့ ခရီးဆက်ခဲ့ကြသည်။

ဆိုက်ခေါင်ကျေးရွာသည် မြို့ဖြစ်ရန် အရှိန်ယူ နေသော ကျေးရွာကြီးဖြစ်သည်ဟု မြင်မိပါသည်။ လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းလှသည်။ ဆိုက်ခေါင်ကို ဗဟိုပြုလျက် တောင်ဘက်တွင် ဆီဆိုင်၊ လွိုင်လင်သို့လည်းကောင်း၊ မြောက်ဘက် တွင် ဘန်းယဉ်၊ ဟိုပုံး၊ တောင်ကြီးသို့လည်းကောင်း၊ အရှေ့ဘက်တွင် မဲနယ်တောင်တန်းပေါ်ရှိ ကျေးရွာများသို့လည်းကောင်း ခရီးပေါက်နေပြီဖြစ်သည်။ ၂၄ နာရီ မီးလင်းသော ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေး လိုင်းများအပြင် နတလက ပင်မ ဆောင်ကို တာဝန်ယူ ဆောက်လုပ်ပေးခဲ့သော တိုက်နယ်ဆေးရုံတစ်ရုံလည်း ရှိနေသည်။

ဆိုက်ခေါင်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်လေသည်။ ဒေသ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး စတင်ရှင်သန်ရာနေရာတစ်ခုဟု ဆိုရပါမည်။

 

mdn

 

လွယ်ပွတ်- လိုက်ပေး-ဘန်းနောင်ကားတွင်လည်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ဒေသအတွက် အဓိကအကျိုးဖြစ်ထွန်းမည့် လမ်းပိုင်းများကို မြေပြင် ကွင်းဆင်းစိစစ်မှုများ ပြုလုပ်၍ ဦးစားပေးဆောင်ရွက် ပေးသင့်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခိုင်မာအောင် တည်ဆောက် သွားနိုင်ရေး ရှင်းလင်းဆွေးနွေးမှုကြောင့် ဒေသခံများ ၏ ပျော်ရွှင်နေသောအပြုံးများကို တွေ့ခဲ့ရပါသည်။

 

မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

 

ခရီးစဉ်ညွှန်ကြားချက်များနှင့်အညီ “နတလ” ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် ငါးဦးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ မဲနယ်တောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၁၃- ၉- ၂၀၂၂ ရက်မှ ၁၈-၉-၂၀၂၂ ရက်အထိ အသေးစိတ် မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၏ ခရီးစဉ်ညွှန်ကြားချက်များ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ အသေးစိတ် တင်ပြချက်များအရ ယခုအခါ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ကျောက္ကချား ဒေသ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင် အထည်ဖော်နေပြီဖြစ်ပါသည်။

 

ယခု ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက္ကချား- နတ်စင်- ပန်ကလ အထိ ၆ မိုင် ၄ ဖာလုံ လမ်းပိုင်းပေါ် တွင် ၂ မိုင် ၄ ဖာလုံ အမာခံဗြုန်းခင်းခြင်း၊ ရေထုတ်ပြွန် ၁၄ စင်းနှင့် ကျောက်စီရေမြောင်း ပေ ၆၆၀ တည်ဆောက်ခြင်းကိုလည်းကောင်း၊ နတ်စင်- ပါခက်- ပန်ကလ အထိ ၁ မိုင် ၅ ဖာလုံ လမ်းတာချဲ့ ခြင်း၊ ၃ မိုင် ၁ ဖာလုံ အမာခံဗြုန်းခင်းခြင်း၊ ပေ ၂၀ ကွန်ကရစ်တံတား ၁ စင်း၊ ရေထုတ်ပြွန် ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း ရန်ပုံငွေကျပ် ၄၂၀ ဒသမ ၁၄၇ သန်းဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

 

ဆက်လက်ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် တွင်လည်း မဲနယ်တောင်တန်းဒေသဖွံ့ဖြိုးရေးအတွက် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း မြေသားလမ်းများဖောက်လုပ်ခြင်း၊ လမ်းတာချဲ့ ခြင်း၊ တံတားကြီးငယ်များ တည်ဆောက်ခြင်း၊ ရေစီးရေလာကောင်းမွန်၍ လမ်းများမပျက်စီးရေး ရေထုတ်ပြွန်များ တည်ဆောက်ပေးရန် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးဘဏ္ဍာငွေများ လျာထားသတ်မှတ်ခဲ့ပါသည်။

 

ထိုလုပ်ငန်းများကား မဲနယ်တောင်တန်း ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုမည့် ဖွံ့ဖြိုးရေး စီမံကိန်းများပင် ဖြစ်လေတော့၏။

 

ငြိမ်းချမ်းရေး

 

နေရာဒေသတစ်ခုတွင် လူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်သော တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေဟူ၍မရှိပါ။ အားလုံးသည် စုပေါင်းနေထိုင်ကြပြီး မိမိတို့လူမှုဘဝ ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပါသည်။ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ကြ၏။ နေ့စဉ် စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်းနေကြရင်း အေးချမ်းစွာနေထိုင်လိုကြပါသည်။ ထို့ကြောင့် နယ်မြေဒေသများသည် အေးချမ်းလုံခြုံပြီး တရားဥပဒေစိုးမိုးသောဒေသများဖြစ်ရန် အထူးလိုအပ်လှ ပေသည်။

 

သို့သော် တချို့မူကား ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုထားကြဆဲ ဖြစ်ပါသည်။

 

ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် လက်တွေ့မကျ သည့် အကြောင်းပြချက်များ၊ ငြင်းဆန်ချက်များ၊ ကန့်လန့်တိုက်ခြင်းများ၊ ဖျက်လိုဖျက်ဆီး လုပ်လိုမှုများသည် ၎င်းတို့၏ ဒေသခံပြည်သူလူထု၊ ဒေသ အကျိုးအပေါ် ရိုးသားဖြောင့်မတ်မှုမရှိကြောင်း ပြသနေခြင်းဖြစ်သည်။

 

ငြိမ်းချမ်းရေးရရှိမှသာလျှင် ပြည်သူများ အေးအေးချမ်းချမ်း နေကြရမည်။ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချရမည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ပြီး ဒေသများ အမြန်ဖွံ့ဖြိုး တိုးတက်ပေလိမ့်မည်။

 

အပြုံးများ

 

မဲနယ်တောင်တန်းသည် မြင့်မားသည့် တောင်တန်းကြီးများရှိပြီး အေးမြသောရာသီဥတုရှိ၍ သာယာလှပသောဒေသ ဖြစ်လေသည်။ သဘာဝ သယံဇာတအဖြစ် ခဲသတ္တုများလည်း ထွက်ရှိပါသည်။ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဖော်ရွေမှုများ ကလည်း ချစ်စဖွယ်အလေ့အထများပင် ဖြစ်၏။

 

ဒေသခံများသည် ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်ကြသူများ ဖြစ်ကြပေသည်။ မိမိတို့၏ ခွန်အား၊ ဉာဏ်အားကို အသုံးပြု၍ မိရိုးဖလာ သနပ်ဖက်၊ ကြက်သွန်ဖြူ စသော စိုက်ပျိုးရေး လုပ်ငန်းများဖြင့် ရိုးသားစွာလုပ်ကိုင်လျက် အသက် မွေးဝမ်းကျောင်းပြုကြသူများ ဖြစ်ကြလေသည်။

 

ပြည်ထောင်စုဝန်ကြီး ရောက်ရှိသည့် မဲနယ် တောင်တန်းရှိ ကျေးရွာတိုင်းမှ ဒေသခံများသည် ပျော်ရွှင်ကြည်နူးနေသည့်၊ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရှိကြသည့် အပြုံးများနှင့်အတူ ကြိုဆိုမှုကို တွေ့ရပါသည်။

 

လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသောအခါ ပထမဆုံး တွေ့မြင်ရသည်မှာ အပြုံးဖြစ်သည်။ တစ်ဦးကိုတစ်ဦး ပြုံးပြပြီးမှ နှုတ်ဆက်စကား၊ အပြန်အလှန်အမေးစကားများ ပြုကြသည်မှာ လူ့သဘာဝတစ်ခုဟုပင် ဆိုနိုင်ပါသည်။ စစ်မှန်သော အပြုံးသည် လူတိုင်း၏နှလုံးကို အေးချမ်းစေပါသည်။ ပြုံးခြင်းသည် ရင်တွင်း၌ ချမ်းသာသုခကို ပေးသည်။ အလုပ် လုပ်ရာတွင်လည်း အလုပ်ကိုတွင်ကျယ်စေသည်။ အပြုံးသည် လုပ်ငန်းများကိုလည်း ရာနှုန်းပြည့် ပြီးမြောက်စေပါသည်။ ပြုံးခြင်း အနုပညာသည် ဒေသတစ်ခုတည်းကိုသာမက ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပြောင်းလဲစေနိုင်ပါသည်။

 

ကြမ်းတမ်းခက်တရော်မှုများ ရှိခဲ့ဖူးသော ပအိုဝ်းတို့၏ မဲနယ်တောင်တန်းဒေသသည်ကား ယခုအချိန်တွင် ဒေသခံတိုင်းရင်းသားတို့၏ ချိုမြ သော အပြုံးလှလှများနှင့်အတူ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများဖြင့် ရှင်သန်လှပခဲ့လေပြီ။