စီးပွားရေးနှေးကွေးမှု ဖြစ်စဉ်မှနေ၍ ကမ္ဘာနိုင်ငံများက ပြန်လည်ရုန်းထရန် ကြိုးပမ်းနေချိန် အာရှတိုက်တွင် ခိုင်မာပြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုရရှိရန် အာရှနိုင်ငံများ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) အနေဖြင့် နိုင်ငံတကာ လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ပုဂ္ဂလိက ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်း ADB မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဆိုထားပါသည်။
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေး ပြန်လည်ရုန်းထရန်အတွက် အဓိကကျသော တွန်းအား တစ်ရပ်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်လာအောင် နိုင်ငံတော်က ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက်ရာတွင် နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်နိုင်ရန် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ တွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး ယင်းနိုင်ငံများကို ဆန်းစစ်လေ့လာထားမှုအရ မှတ်ပုံတင် ထားသော လုပ်ငန်းများ၏ ၉၆ ရာခိုင်နှုန်းမှာ SME လုပ်ငန်းများဖြစ်ပြီး ယင်းတို့တွင် လုပ်သားထု၏ ၆၂ ရာခိုင်နှုန်းကို ခန့်အပ် ထားနိုင်ကြောင်း သိရသည်။ SME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုတိုးတက် လာစေရန် ဒေသတွင်းရှိ နိုင်ငံအစိုးရများအနေဖြင့် ယင်းတို့ကို ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ SME လုပ်ငန်း များသည် ငွေကြေးအရင်းအနှီး အသစ်များကို လွယ်လင့်တကူ လက်လှမ်းမီစေရန် နိုင်ငံအစိုးရတို့က အကူအညီပေးခြင်းတို့ လိုအပ်ပါသည်။
မကြာသေးမီက အာဂျင်တီးနားသမ္မတနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ဒုတိယအကြိမ်မြောက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံကျင်းပခဲ့ပြီး ညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံသည် ၁၉၇၈ ခုနှစ်က ကုလသမဂ္ဂ ညီလာခံက ချမှတ်ခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကောင် အထည်ဖော်ရေးနှင့် မြှင့်တင်ဆောင် ရွက်ရေးအတွက် နှစ်ပေါင်း ၄၀ ကြာပြီးနောက် ထပ်မံ အသက်ဝင် လှုပ်ရှားလာမှုဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အစောပိုင်းကာလတွင် မဖွံ့ဖြိုးသေးသောနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီးနောက် လက်ရှိကာလတွင် နိုင်ငံစီးပွားရေး ပြန်လည်ဖွံ့ဖြိုးလာသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်လာခဲ့သည်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မြင့်မားလာခဲ့သည်။
မြန်မာနိုင်ငံသည် အဆိုပါအာဂျင်ဒါ အောင်မြင်ရေးအတွက် ကတိကဝတ်ပြုထားသည့်အပြင် မြန်မာနိုင်ငံတွင်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)အား ချမှတ်ကာ အမျိုးသားအဆင့် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လျက်ရှိသည်။
ယင်းစီမံကိန်းသည် မြန်မာပြည်သူပြည်သားအားလုံး ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှု၊ သာယာဝပြောမှုတို့ဖြင့် နေထိုင်နိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး မျှော်မှန်းချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး လက်တွေ့လည်း အကောင်အထည် ဖော်လျက်ရှိသည်။
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး အနေဖြင့် မြန်မာနိုင်ငံနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ အစ မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို အသုံးပြုကြရန် နိုင်ငံ့ခေါင်းဆောင်များက ဖိတ်ခေါ်ခဲ့ပြီး လက်တွေ့တွင်လည်း ဈေးကွက်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ တိုးတက်ဖော်ဆောင်လာနိုင်သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ကမ္ဘာနိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက် လာကြပြီဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများအား လုံလောက်သော အကူအညီများ ပေးအပ်ရေး၊ ထုတ်ကုန်အားလုံးအတွက် အခွန် ကင်းလွတ်ခွင့်နှင့် ခွဲတမ်းသတ်မှတ်မှု ကင်းလွတ်ခွင့်များ ဆက်လက်ပေးအပ်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။