ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ

၁၃ မတ်
 

 

လူထုအစိုးရသစ်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (Development Assistance Policy)ကို ထုတ်ပြန်ခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့ကို မလွဲမသွေ လက်ခံရမည်ဖြစ်ပါသည်။ သို့သော် လက်ခံလိုက်သည့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် အထောက်အပံ့ဖြစ်စေရမည် ဖြစ်ပါသည်။ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့ ရယူရာတွင် အတိတ်ကာလ၌ ပံ့ပိုးကူညီသည့် နိုင်ငံ(သို့မဟုတ်)အဖွဲ့ အစည်းတို့က ထောက်ပံ့ကူညီလိုသည့် ကဏ္ဍတို့ကို ဦးစားပေး၍ လက်ခံခဲ့ပါသည်။ လူထုအစိုးရသစ်က ယခုထုတ်ပြန်လိုက်သည့် ဖွံ့ ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒအရ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု တို့ကို လက်ခံရာ၌ လူထုအစိုးရသစ်ချမှတ်ထားသည့် မူဝါဒတို့အရသာ လက်ခံတော့မည် ဖြစ်ပါသည်။

 

စီးပွားရေးဆိုင်ရာ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့ကို လက်ခံရာ၌ လူထုအစိုးရသစ်၏ မူဝါဒနှင့်ကိုက်ညီမှု ရှိစေရမည်ဖြစ်ပါသည်။ ထို့အပြင်ဤနိုင်ငံတကာ ပံ့ပိုးကူညီမှုတို့သည် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့က ၂၀၁၅ ခုနှစ်ကတည်းက ပူးတွဲသတ်မှတ်ထားသည့် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တို့ကိုလည်း တိုက်ရိုက်အထောက်အကူ ဖြစ်စေရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ပေးအပ်သော နိုင်ငံတကာ အကူအညီတို့သည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေတို့ကို ထင်ဟပ်ဖော်ဆောင်နိုင်စွမ်း ရှိရမည်သာမက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် နှောင့်ယှက် ဟန့်တားမှုမျိုး မဖြစ်ပေါ်စေရန် ဖန်တီးဖော်ဆောင်ပေးရမည် ဖြစ်ပါသည်။

 

နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့ကိုလက်ခံရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU)က ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤအဖွဲ့အောက်၌ ကဏ္ဍအလိုက်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ၁၀ ဖွဲ့ ထားရှိသွားမည် ဖြစ်ပါသည်။ အဆိုပါကဏ္ဍ ၁၀ ရပ်မှာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှု၊ အာဟာရပြည့်ဝမှု၊ လူမှုကာကွယ်ရေးနှင့် သဘာဝမျှတမှုဆိုင်ရာ လုပ်ငန်းတို့ဖြစ်ပါသည်။ အဆိုပါ ကဏ္ဍ ၁၀ ရပ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ များအပြင် တခြားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့နှစ်ရပ်လည်း ရှိမည်ဖြစ်ပါသည်။ ၎င်းတို့မှာ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ဖြစ်ပါသည်။

 

နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့ကို လက်ခံရာ၌ အခြေခံမူသုံးရပ်ဖြင့် ချိန်ထိုးကိုင်တွယ် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ပထမအခြေခံမူမှာ နိုင်ငံတကာ၏ အကူအညီအထောက်အပံ့တို့ကို ရယူ၍ ဖော်ဆောင်မည့် စီမံကိန်းတို့အား လူထုအစိုးရသစ်ကသာ ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။ ဒုတိယအခြေခံမူမှာ နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှုတို့ဖြင့် ဖော်ဆောင်မည့်စီမံကိန်းတို့၌ အသုံးပြုရမည့် နည်းစနစ်တို့ နိုင်ငံတွင်း၌ တည်ရှိပြီးဖြစ်သည်ဟု လူထုအစိုးရသစ်နှင့် မိတ်ဖက်အဖွဲ့(သို့မဟုတ်)နိုင်ငံတို့ကယူဆပါက အဆိုပါတည်ရှိပြီး စနစ်တို့ကိုသာ အသုံးပြုရမည်ဖြစ်ပါသည်။တတိယအခြေခံမူမှာ လိုအပ်သော ကာလတို ရင်းနှီးမြှုပ်နှံမှု တို့အတွက် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံနိုင်စွမ်းမရှိဆိုသည်မှာ သေချာမှသာနိုင်ငံတကာ၏ ပံ့ပိုးကူညီမှုတို့ကို လက်ခံရယူသွားမည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒသည် နိုင်ငံတော်၏ အတိတ်ကာလအတွေ့အကြုံတို့နှင့် နိုင်ငံတကာ၏ အတွေ့အကြုံတို့ကိုအခြေခံ၍ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု တို့ကို တိုင်းပြည်နှင့် လူမျိုးအတွက်အထိရောက်ဆုံးအသုံးချနိုင်ရန် ချမှတ်ထားသောမူဝါဒဖြစ်၍ လေးနက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း တင်ပြအပ်ပါသည်။ ။