ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့

၁   မတ်

 

မြန်မာနိ်ုင်ငံ၏ဖွံ့ ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေးဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟို-၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးကူညီမှုတို့သည် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးသမားတို့အား ရှေ့သို့တွန်းပို့နိ်ုင်ခဲ့ သည့်အပြင် ဆယ်စုနှစ်ပေါင်းများစွာ တိုးတက်မှု ဆိတ်သုဉ်းနေခဲ့သော အင်စတီကျူးရှင်းအချို့တို့ကိုလည်း ပြန်လည်အသက်ဝင် စေခဲ့ကြောင်း ရှေးဦးစွာထောက်ပြပြောဆိုခဲ့ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကူးအပြောင်းလွန်ကာလ၊ ရင်ဆိုင်ရလျက်ရှိသော အကြီးမားဆုံးစိန်ခေါ်ချက်သည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် တိုင်းပြည်နှင့်လူမျိုးတို့၏ ကတိကဝတ်တို့အား ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် စိန်ခေါ်ချက်တို့ကို မှန်ကန်စွာ ကိုင်တွယ်နိုင်ပါက အခွင့်အလမ်းအဖြစ်သို့ ပြောင်းလာမည်ဖြစ်ပြီး ဤအခွင့်အလမ်းတို့သည် မြန်မာနိုင်ငံ၏ဒီမိုကရေစီ ရှင်သန်ရင့်ကျက်လာရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ပြလိုက်ခြင်း ဖြစ်ပါသည်။ တိုင်းပြည်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခင်းအကျင်းအား ပြောင်းလဲစေမည် ဖြစ်ကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောဆိုခဲ့ပါသည်။

 

ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့အနေဖြင့် နိုင်ငံတကာ၏ ဖြစ်ပေါ်ပြောင်းလဲမှုတို့ကို သိရှိနားလည်ပြီးဖြစ်၍ အချိန်နှောင်းမှ ပြုပြင်ပြောင်းလဲသူတို့၏ အားသာချက်နှင့်ကောင်းကျိုးတို့ကို အထူးတလည် သိရှိထားသကဲ့သို့ အခြားနိုင်ငံများ ရင်ဆိုင်ခဲ့ရသည့် အဟန့်အတား စိန်ခေါ်မှုတို့ကိုလည်း ကျော်လွှားနိုင်ရန် သုံးသပ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဝမ်းမြောက်ဖွယ်ရာ ရှင်းလင်းတင်ပြခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU)၏ ဥက္ကဋ္ဌအနေဖြင့် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒရေးဆွဲခြင်း၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်း၊ ကဏ္ဍအလိုက်နှင့် ဦးတည်ချက်အလိုက်လုပ်ငန်း အဖွဲ့ များ ပြန်လည်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစီမံကိန်းများအား သုံးသပ်အကဲ ဖြတ်ရေးစနစ်ထူထောင်ခြင်း၊ အကောင်အထည်ဖော်ရာ၌ ကြုံတွေ့ရသော အဓိက အခက်အခဲများအား ဖြေရှင်းခြင်းဟူသော လုပ်ငန်းစဉ်ငါးရပ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကို တင်ပြခဲ့ပါသည်။

 

ဦးစားပေးလုပ်ငန်းတို့ကို ထည့်သွင်းဖော်ပြထားသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (DAP)အား မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် ထုတ်ပြန်မည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြပြောဆိုခဲ့ပါသည်။ ဤဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒ (DAP) ၌ ပြီးပြည့်စုံသော မူဝါဒလမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကိုပါ ထည့်သွင်းရေးဆွဲ ထားကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောဆိုခဲ့ပါသည်။ တစ်နှစ်စာစီမံကိန်းနှင့် ဘတ်ဂျက်စက်ဝန်းတို့မှ ရုန်းထွက်၍ ကာလရှည်၊ ကာလလတ်အတွက် မဟာဗျူဟာကျကျ စဉ်းစား၍ စီမံကိန်း ချမှတ်ဆောင်ရွက်သွားရန် ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်သည် တိုင်းပြည်၏ ကဏ္ဍအသီးသီး၌ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်အသီးသီးတို့က အလေးအနက်ထား နှလုံးသွင်းရမည့် လမ်းညွှန်ချက် ဖြစ်ပါသည်။ မြန်မာပြည်သူ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အား မူကြမ်းရေးဆွဲပြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြခဲ့ခြင်းသည် ဝမ်းမြောက်ရမည့် သတင်းကောင်းတစ်ရပ်ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရာ၌ ငွေကြေးအရင်းအမြစ်ထက် တစ်ခုနှင့်တစ်ခုကြား ချိတ်ဆက်မှုရှိရှိဖြင့် တူညီသောဦးတည်ချက်သို့ ရှေးရှုဆောင်ရွက်သွားရန် အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးပေး ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ရင်ဆိုင်ရလျက်ရှိသော စိန်ခေါ်မှုများကို ကျော်ဖြတ်လွန်မြောက်ရန် စိတ်အားထက်သန်သကဲ့သို့ တစ်နေ့ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း ကြိုဆိုလက်ခံရင်ဆိုင် ကျော်ဖြတ်သွားမည်ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခံယူချက်သည် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးက နှလုံးသွင်းရမည့်ခံယူချက် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)